ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ (Kachin State RSC) က ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် သင်တန်းသား/ သင်တန်းသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲသို့ တက်ရောက်အားပေး

မြစ်ကြီးနား   ဇူလိုင် ၂၂

         ကချင်ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ (Kachin State RSC) ကကြီးမှူး၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်း မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်လျော့ပါးစေရေးအတွက် လစဉ်အစည်းအဝေးများပြုလုပ်၍ လိုအပ်သည်များကို ဆွေးနွေးညှိနှိုင်း၍ အသိပညာပေးစေခြင်း၊ မီးပွိုင့်များ တိုးချဲ့တပ်ဆင်ရန် စီစဉ်ဆောင်ရွက်ပေးခြင်း၊ ဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ လမ်းညွှန်းများ၊ လမ်းအမှတ်သားများနှင့် အချက်ပြစနစ်များ တစ်ပြေးညီဖြစ်စေရေး နှစ်စဉ်ရန်ပုံငွေများချမှတ်သုံးစွဲ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်နယ်အတွင်း ယာဉ်တိုက်မှုကြောင့် အသက်ဆုံးရှုံးများ ကြုံတွေ့နေရကြောင်းကို စစ်တမ်းများအရသိရှိရပြီး ယာဉ်တိုက်မှုဖြစ်ရခြင်းအများစုမှာ ပြဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများကို မသိခြင်း၊ မလေ့လာခြင်း၊ သတ်မှတ်စည်းကမ်းများကို မလိုက်နာခြင်းများကြောင့် ဖြစ်ပွားရခြင်းဖြစ်ပါ‌ကြောင်း၊ သို့ဖြစ်ပါ၍ သတ်မှတ်စည်းကမ်းများကို အများပြည်သူကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ယနေ့ အသိပညာပေးဟောပြောသွားသည့် အချက်အလက်များကို မှတ်သားကာ မိမိပတ်ဝန်းကျင်ကို ဆက်လက်အသိပေးဖြန့်ဝေကြစေလိုကြောင်း ပြောကြားသည်။

          ထို့နောက် အသိပညာပေး‌ဟောပြောပွဲကို ဆက်လက်ကျင်းပရာ တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးချူပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာများမှ အရာထမ်းများနှင့် အမှုထမ်းများ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးကြီးကြပ်မှုစောင့်ရှောက်ရေးအသင်းဝင်များ၊ ပညာရေးဒီဂရီကောလိပ်နှင့် သူနာပြု-သားဖွားသင်တန်းကျောင်းများမှ သင်တန်းသား/ သင်တန်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တာဝန်ရှိသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်စပ်လျဉ်း ၍ မြန်မာနိုင်ငံယာဉ်ထိန်းရဲတပ်ဖွဲ့ ရဲအုပ်ဇာနည်စိန်အောင်နှင့်က လိုက်နာရမည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့် ဒုတပ်ဖွဲ့ခွဲမှူးက ပြစ်မှုနှင့် ပြစ်ဒဏ်များ၊ လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းခြင်းဖြင့်လည်းကောင်း၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်မျိုးမင်းက ဦးစီးဌာနက ထုတ်ပြန်ထားသည့် ယာဉ်လိုင်စင်၊ လူလိုင်စင်များနှင့်စပ်လျဉ်း၍ သိသင့်သိထိုက်သည်များကို လည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်နိုင်က ဥပဒေ၊ နည်းဥပဒေများအပေါ် လိုက်နာဆောင်ရွက်ရန်နှင့် ရဲတပ်ဖွဲ့မှအကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကို လည်းကောင်း၊ ပြည်နယ်ဥပဒေချုပ်ရုံးမှ ဥပဒေအရာရှိက ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေ၊ နည်းဥပဒေများကို လည်းကောင်း အသီးသီးဟောပြောဆွေးနွေးပေးခဲ့ကြကြောင်း သိရသည်။