မြစ်ကြီးနား ဇူလိုင် ၃၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့အနေဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်းကို တက္ကသိုလ်၊ ဒီဂရီကောလိပ်များနှင့် နိုင်ငံ့ဝန်ထမ်းများအား လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၃၀ ရက် မွန်းလွဲ ၃ နာရီက နည်းပညာတက္ကသိုလ် (မြစ်ကြီးနား)ရှိ ကျောင်းသား/ကျောင်းသူများအား လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်းအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြ သည်။
အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေး ခြင်းအခမ်းအနားသို့ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် တာဝန်ရှိသူများ၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာမင်းမင်းဦး၊ ပါမောက္ခဌာနမှူးများနှင့် တာဝန်ရှိသူများက မြစ်ကြီးနားခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ကော်မရှင်အရာရှိ ဦးကျော်စိုးအောင်က မဲဆန္ဒရှင်အသိပညာပေးခြင်းနှင့် မဲပေးစက်အသုံးပြုပုံ၊ မဲပေးစက်ဖွဲ့စည်းတည်ဆောက်ထားရှိမှု၊ မဲပေးခြင်းစနစ်တို့အား ကျောင်းသား/ ကျောင်းသူများအား ရှင်းလင်းဆွေးနွေးဟောပြောပေးမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီး၊ ဒုတိယပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ ကျောင်းသား/ ကျောင်းသူများက မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခဲ့ကြကြောင်း သိရသည်။
