မြစ်ကြီးနား သြဂုတ် ၆
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ICRC နှင့် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့ ပူးပေါင်းကျင်းပသည့် ဂျီနီဗာသဘောတူညီချက် (၇၅)နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားနှင့် ဓာတ်ပုံပြပွဲအခမ်းအနားကို သြဂုတ် ၆ ရက် နံနက် ၉ နာရီက မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဂျီနီဗာသဘောတူညီချက်(၇၅)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ကျင်းပပြုလုပ်ရာ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းက ကမ္ကာ့သမိုင်းတစ်လျှောက်လုံးအတွင်းတွင် လူသားချင်းစာနာထောက်ထားမှုများ၏ အရေးအကြီးဆုံးသော အောင်မြင်မှုများထဲမှ တစ်ခုဖြစ်သည့် ဂျီနီဗာသဘောတူချက်များသည် ၂၀၂၄ ခုနှစ်၊ သြဂုတ်လ (၁၂) ရက်နေ့တွင် (၇၅)နှစ် ပြည့်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယနေ့ ဓာတ်ပုံပြပွဲသည်လည်း အပြည်ပြည်ဆိုင်ရာလူသားချင်း စာနာထောက်ထားမှုဥပဒေ နှင့်ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခြေခံမှုများကို အများသိရှိလေးစား လိုက်နာလာအောင် ဆောင်ရွက်ခြင်းနှင့် ခိုင်မာလာအောင် ဆောင်ရွက်ခြင်းဖြင့် ဆင်းရဲဒုက္ခများကို ကာကွယ်တားဆီးနိုင်မည်ဟု သိရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတော်၏ ဥပဒေများကို လေ့လာမှတ်သားပြီး လေးစားလိုက်နာရန် လိုအပ်သကဲ့သို့ လူသားချင်းစာနာထောက်ထားမှု ဥပဒေကိုလည်း လေ့လာမှတ်သားပြီး အလေးထားရန်လိုအပ်ပါကြောင်းနှင့် ငြိမ်းချမ်းသော ကမ္ဘာကြီးကို တည်ဆောက်နိုင်ကြရန်လိုအပ်ကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချူပ် ဒေါက်တာအောင်ဝင်းက ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် ICRC မြစ်ကြီးနားရုံးတာဝန်ခံက ဂျီနီဗာသဘောတူညီချက်နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ကချင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးဘရန်ဒီးက မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် ICRC နှင့် ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဂျီနီဗာ သဘောတူညီချက် (၇၅)နှစ်ပြည့် အထိမ်းအမှတ် မြန်မာ၊ ထိုင်း၊ တရုတ် နှင့် ကမ္ဘောဒီးယားနိုင်ငံတို့က ပရောဖက်ဆာများ၏ အမှာစကားပြောကြားခြင်းဗီဒီယိုနှင့် အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာမှု ဥပဒေ အကြောင်းအရာအကျဉ်းချုပ် ဗီဒီယိုကလစ် ဖွင့်လှစ်ပြသမှုကို ကြည့်ရှုအားပေးခဲ့ပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ ပြည်နယ်၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ NGO၊ INGO များ၊ အရပ်ဘက်လူမှုရေးအသင်းအဖွဲ့များက ဘွဲ့နှင်းသဘင်ခန်းမဆောင်အတွင်းပြသထားသည့် ဂျီနီဗာသဘောတူညီချက် (၇၅)နှစ်ပြည့် အထိမ်း အမှတ်ပြသထားသည့် ဓာတ်ပုံပြခန်းအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ ဂျီနီဗာသဘောတူညီချက် (၇၅) နှစ်ပြည့် အထိမ်းအမှတ် ဓာတ်ပုံပြပွဲကို မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမ၌ (၂) ရက်တာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအား ICRC အကြောင်း မိတ်ဆက်ခြင်း၊ မြန်မာနိုင်ငံကြက်ခြေနီအကြောင်း သိကောင်းစရာများနှင့် အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဥပဒေအကြောင်း မိတ်ဆက်ခြင်း၊ ICRC နှင့် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းတာဝန်များကို အကြောင်းကို ဟောပြော ဆွေးနွေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

