ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရာက်

မြစ်ကြီးနား   အောက်တိုဘာ ၁

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်သော (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပြည်သူ့အားကစားကွင်းအတွင်း မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြပြီး ပြည်နယ်အတွင်း မှုခင်းကျဆင်းရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းတာဝန်များကို စွမ်းစွမ်းတမံတာဝန်ထမ်းဆောင်ခဲ့ကြသော ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဦးထိပ်ပန်ဆင်ထားသော သစ္စာ၊ သမာဓိ၊ သတ္တိ ဆိုသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်နှင့် ပြည်သူအပေါ် သစ္စာရှိစွာ တာဝန်ထမ်းဆောင်သွားရမည် ဖြစ်ပါကြောင်း၊ ထိုသို့ တာဝန်ထမ်းဆောင်ရာတွင်လည်း အမှန်တရားအတွက် စွန့်လွှတ်စွန့်စားစိတ်ဖြင့် သတ္တိရှိရှိ  ရဲရင့်စွာ ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ ပြည်သူလူထု၏ လိုအပ်ချက်များကို ဥပဒေနှင့် အညီ အကူအညီပေးပြီး ပြည်သူပူးပေါင်းပါဝင်သည့် ရဲလုပ်ငန်းစနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်၊ တပ်ဖွဲ့၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းမြှင့်တင်ပေးသည့် တပ်ဖွဲ့ဝင်များဖြစ် စေရေး ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြောင့်မတ်မှန်ကန်တည်ကြည်ပြီး အဂတိကင်းရှင်း စွာဆောင်ရွက်သွားကြရန်နှင့် အမိနိုင်ငံတော်နှင့် ပြည်သူအတွက် ပေးအပ်ထားသည့် တာဝန်များ ကို ဦးလည်မသုန် ထမ်းရွက်နိုင်သည့် တပ်ဖွဲ့ဝင်ကောင်းများဖြစ်အောင် အစဉ်ကြိုးပမ်းကြရမည်ဖြစ် ပါကြောင်း ဂုဏ်ပြုပြောကြားသည်။

          ထို့နောက် ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမျိုးဆွေက (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် အခမ်းအနားသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ထံမှ ပေးပို့လာသည့် သဝဏ်လွှာကို ဖတ်ကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အောင်ဇော်ထွေးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနှင့်ဇနီးတို့က စွမ်းရည်သတ္တိဆုရ တပ်ဖွဲ့ဝင်များ၊ ပြည်နယ်အတွင်းမှုခင်းကျဆင်းရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်း တာဝန်များကို စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့ကြသော ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖများအားလည်းကောင်း၊ ပညာရည်ထူးချွန်ဆုရရှိသူများနှင့် နေအိမ်လိုင်းခန်းသန့်ရှင်းရေး အကောင်းအဆုံး ဆုရသူများအားလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ဂုဏ်ပြုဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ အခမ်းအနားတက်ရောက်လာသူများနှင့်အတူ (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံရဲဌာနချုပ်မှ ပေးပို့လာသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ လှုပ်ရှားဆောင်ရွက်မှု မှတ်တမ်းဗီဒီယိုကလစ်ကို ကြည့်ရှုအားပေးခဲ့ကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများသည် ကချင်ပြည်နယ် ရဲတပ်ဖွဲ့၏ ပြည်နယ်အတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရည်မှန်းချက်တာဝန် (၄)ရပ်အပေါ် ဆောင် ရွက်ချက်များနှင့် ပြည်နယ်အတွင်း မှုခင်းကျဆင်းရေး၊ ရပ်/ရွာအေးချမ်းသာယာရေးဆောင်ရွက် ချက်များအား ခင်းကျင်းပြထားသည့် ပြခန်းကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။