မြစ်ကြီးနား ဖေဖော်ဝါရီ ၇
ကချင်ပြည်နယ်အတွင်း တတိယအကြိမ် ကချင်ပြည်နယ်ပထမပုံမှန်အစည်းအဝေးကျင်းပပြုလုပ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့ နံနက်ပိုင်းက ပြည်နယ်လွှတ်တော်အစည်းအဝေး ကျင်းပနိုင်ရေးအတွက် လွှတ်တော်ရုံးဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
ထိုသို့ သန့်ရှင်းရေးဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ လွှတ်တော်ပင်မအဆောက်အဦဝင်းအတွင်းနှင့် လွှတ်တော်ဧည့်ရိပ်သာဝင်းအတွင်းတို့တွင် ပြည်နယ်/ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက မြက်ပင်များ၊ ခြုံနွယ်များနှင့် အပင်ကြီးများအား ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ အမှိုက်များကောက်ယူစွန့်ပစ်ခြင်း စသည့် လုပ်ငန်းများအား သတ်မှတ်ထားသော နေရာများအလိုက် အပိုင်း (၆)ပိုင်းခွဲ၍ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများတွင် အတူတကွပါဝင်ဆောင်ရွက်ပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် မြို့သစ်ကြီးရပ်ကွက်၊ နောင်ခမ်းရှမ်းရွာအတွင်းရှိ ရှမ်းဓမ္မာရုံ၌ ရှမ်းမျိုးနွယ်စုများ ပူးပေါင်းကျင်းပသည့် (၇၉)နှစ်မြောက် ရှမ်းအမျိုးသားနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီး ချုပ်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ ဓမ္မာရုံအတွင်း ရှမ်းအမျိုးသားနေ့အထိမ်းအမှတ် ရှမ်းမျိုးနွယ်စုလူငယ်များက ရှမ်းအမျိုးသား တေးသီချင်းအား ရှမ်းဘာသာဖြင့် သီဆိုဖျော်ဖြေကြ၍ ကြိုဆိုခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က (၇၉)နှစ်မြောက် ရှမ်းအမျိုးသားနေ့ အခမ်းအနားသို့ ယခုလို ညီနောင်ရှမ်းတိုင်းရင်းသားများနှင့်အတူတကွ ပါဝင်ဆင်နွှဲခွင့်ရသည့်အတွက် အထူးပင်ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ အထူးသဖြင့် ကချင်ပြည်နယ်သည် တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင်ကြသည့် ပြည်နယ်တစ်ခုဖြစ်သည့်အတွက် မျိုးနွယ်စုများအချင်းချင်း ယခုကဲ့သို့ စည်းလုံးချစ်ခင်စွာ အတူတကွ ပေါင်းစည်းနေထိုင်ကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ရှမ်းမျိုးနွယ်စု၏ ရိုးရာအကပဒေသာများဖြစ်သည့် ကိန္နရီ၊ ကိန္နရာအကနှင့် တိုးနယားအကတို့အတွက် ဝတ်စုံသစ်များနှင့် အခမ်းအနားအတွက် ချီးမြှင့်ထောက်ပံ့ပေးအပ်ခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များကလည်း ချီးမြှင့်ငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကာ ရှမ်းမျိုးနွယ်စုများ၏ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။






