မြစ်ကြီးနား ဖေဖော်ဝါရီ ၂၃
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြစ်ကြီးနားမြို့ ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေးအတွက် ရေလမ်းကြောင်းဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် အဓိကကျသည့် ရေလျှံတားကမ်းထိန်းတမံ တည်ဆောက်ရေးလုပ်ငန်းများအပြင် ရေထိန်းတံခါးများ တည်ဆောက်ခြင်းလုပ်ငန်းကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့ ညနေ ၃ နာရီခွဲက အင်ဂျန်းခချောင်းရေထိန်းတံခါး တည်ဆောက်ရေးလုပ်ငန်းများနှင့် မြေထိန်းတမံနှင့် ရေလျှံတားနံရံတည်ဆောက်ရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်အတွင်း ဧရာဝတီမြစ်ကမ်းပါးသို့ သွားရောက်ပြီး အဆိုပါ ရပ်ကွက်အတွင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူတည်ဆောက်လျက်ရှိသော ကျောက်စီမြေထိန်းတမံနှင့် ရေလျှံတားနံရံတည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တာဝန်ယူတည်ဆောက်လျက်ရှိသော အင်ဂျန်းခချောင်းရေထိန်းတံခါး ၈ ပေ × ၁၂ ပေ တံခါး ၃ ပေါက်ပါဝင်သည့် ရေထိန်းတံခါးနှင့် ရေထိန်းတံခါးနှင့်ကပ်လျက် ပေ ၅၀ အတွင်း စက်ယန္တယားကြီးများနှင့် မြေသားတာဖို့ခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ ရေထိန်းတံခါးတည်ဆောက်နေမှု အခြေအနေများနှင့် ရေဝင်ပေါက်တူးဖော်ဆောင်ရွက်နေမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး လုပ်ငန်းများသတ်မှတ်ဒီဇိုင်းနှင့်အညီ စနစ်တကျဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ရှင်းလင်းဆောင်၌ ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဇော်ဦးက ရေထိန်းတံခါးတည်ဆောက်နေမှု အခြေအနေများနှင့်စပ်လျဉ်း၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ရမည့်လုပ်ငန်းများအား ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် လာမည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်သွားရမည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစွာဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ ဧရာဝတီမြစ်အတွင်း မြစ်ကြမ်းပြင်မြင့်တက်လာမှုကြောင့် သောင်ခုံအသစ်ပေါ်ထွန်းမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြစ်ကြီးနားမြို့ ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေးအတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်မှစတင်၍ အဆိုပါ အင်ဂျန်းခချောင်းရေထိန်းတံခါးအပါအဝင် ပမ္မတီးရေကြည်ရပ်ကွက်အတွင်း ရေကြည်ချောင်းရေထိန်းတံခါးကိုလည်း တည်ဆောက်လျက်ရှိပြီး ကမ်းထိန်းကာကွယ်ရေးလုပ်ငန်းများကို မြစ်ရေမြင့်တက်မှု ၁၄၅၀ ပေအထိ ကာကွယ်နိုင်ရေးရေလျှံတားအုတ်ရိုးစီနံရံကာရံခြင်း အလျား ၄၁၆၉ ပေနှင့် ဗလမင်းထင်အထက်တွင် ရေလျှံတားနံရံနှင့် တမံအလျား စုစုပေါင်း (၁၅၄၅)ပေတို့ကို တည်ဆောက်လျက်ရှိသည့်အပြင် ရေကြောင်းဖွံ့ဖြိုးရေးအတွက် သောင်တူးခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။




