မချမ်းဘော မေ ၁၉
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်စီမံမှုဖြင့် ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအား လျှပ်စစ်စီမံကိန်းဆိုင်ရာ အထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ်ဒေသခံကော်မတီအဖွဲ့ဝင်များက ရေအားလျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ မေ ၁၉ ရက်နေ့တွင် ပူတာအိုမြို့၌ ဂျိမ်းဖောနှင့် တိုင်းခမ်းတီစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများအားလည်းကောင်း၊ မချမ်းဘောမြို့၌ ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားများနှင့် တွေ့ဆုံချပြရှင်းလင်းပွဲများ ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါ တွေ့ဆုံရှင်းလင်းဆွေးနွေးပွဲများကို ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးချန်တန်ခင် ဦးဆောင်ခဲ့ခြင်းဖြစ်ပြီး နံနက်ပိုင်းတွင် ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ ဂျိမ်းဖော့နှင့် တိုင်းခမ်းတီ စာပေနှင့်ယဉ် ကျေးမှုအသင်းအဖွဲ့များ၊ မြို့မိ/မြို့ဖများနှင့်တွေ့ဆုံကာ ပြည်နယ်ဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒေသခံကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးထွန်းထွန်းလှိုင်၊ ဦးနော်ထွဲ၊ ဦးမုန်ရိန်နော်၊ ဦးဂျန်ခုန့်(ခ) ဦးနော်ခုန့်တို့က ရေအားလျှပ်စစ်စီမံကိန်းနှင့်ပတ်သက်သော နည်းပညာဆိုင်ရာအချက်အလက်များ၊ ဘူမိဗေဒဆိုင်ရာပညာရှင်တွေ့ရှိချက်များ၊ လျှပ်စစ်စွမ်း အင်ရရှိမှုပေါ် မူတည်၍ နိုင်ငံတစ်ခုနှင့်တစ်ခု ဖွံ့ဖြိုးတိုးတက်မှုကွာခြားပုံ စသည့်အချက်အလက်များအား ပါဝါပွိုင့်များဖြင့် ချပြရှင်းလင်းခြင်းနှင့် ဒေသခံများ၏ စီမံကိန်းနှင့်စပ်လျဉ်း၍ သိလိုသည်များမေးမြန်းမှုအပေါ် အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာအောင်ဝင်းက နိဂုံးချုပ်အမှာ စကားပြောကြားခဲ့သည်။
အလားတူ မွန်းလွဲပိုင်းတွင်လည်း မချမ်းဘောမြို့ ဂူဘားခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ စာပေ နှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးက အမှာစကားပြောကြားကာ ကော်မတီအဖွဲ့ဝင်များက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ နည်းပညာဆိုင်ရာများကို ချပြရှင်းလင်းဆွေးနွေးခြင်း၊ မေးမြန်းခြင်းတို့အပေါ် အပြန်အလှန်ဆွေးနွေးခဲ့ကြကာ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးက နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။


