ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ရေဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်မှု အခမ်းအနား၊ မဲပေးစက်ပြင်ဆင်ထိန်းသိမ်းခြင်းသင်တန်းဖွင့်ပွဲ တက်ရောက်

မြစ်ကြီးနား  ဇွန်  ၄

          ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နှစ်စဉ်မိုးရာသီရောက်တိုင်း မြစ်ရေကြီးမြင့်မှုကြောင့် ကာကွယ်ရေးလုပ်ငန်း စီမံကိန်းများကို ဆောင်ရွက်လျက်ရှိသကဲ့သို့ ရေဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အလျင်အမြန်ဆောင်ရွက်နိုင်ရေး အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်အဖြစ် ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့ နံနက် ၉ နာရီက ရေဘေးအန္တရာယ်နှင့် စပ်လျဉ်း၍ မြစ်ကြီးနားမြို့ ကျွန်းပင်သာရပ်ကွက်အတွင်း ဧရာဝတီမြစ်ဆိပ်ရှိ မီးသတ်ဦးစီးဌာန၏ ရေကင်းကြည့်စခန်း (ကချင်စု)ရုံး၌ ကျင်းပသည့် ရေဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုအခမ်းအနားသို့ တက်‌ရောက်ခဲ့သည်။

          အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်အနေနဲ့ ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များကြောင့် နှစ်စဉ်နှစ်တိုင်း ရေဘေးအန္တရာယ်၊ ရေကြီး/‌ရေလျှံမှု ဘေးအန္တရာယ်များ ဖြစ်ပွားလေ့ရှိသဖြင့် ယခုလို ကြိုတင်ပြင်ဆင်စုဖွဲ့ပြီး ဇာတ်တိုက်လေ့ကျင်ဆောင်ရွက်ထားရခြင်းဖြင့် အရေးပေါ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ချက်ချင်းတုံပြန်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် သဘာဝ‌ဘေးအန္တရာယ်ဖြစ်ပွားလာပါက သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် အလျင်အမြန်ပူးပေါင်း၍ ချက်ချင်းတုံ့ပြန်ဆောင်ရွက်ရမည့် သာမန်အချိန်ဆောင်ရွက်ခြင်း၊ အရေးပေါ်အချိန်‌ဆောင်ရွက်ခြင်း၊ အ‌ရေးကြီးချိန်ဆောင်ရွက်ခြင်း၊ ပြန်လည်ထူထောင်ရေးဆောင်ရွက်ခြင်း စသည့် အပိုင်း(၄)ပိုင်းအား စနစ်တကျဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်သည့်အပြင် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်းများကို ကာကွယ်စောင့်ရှောက်နိုင်မည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ကချင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရာဝမ်ဂျုံး၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေး၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက မြစ်ကမ်းဘေးတွင် ခင်းကျင်းပြသထားသော ရေပြင်ရှာဖွေကယ်ဆယ်ရေး ပစ္စည်းကရိယာများ ခင်းကျင်းပြသထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဧရာဝတီမြစ်အတွင်း မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေး စက်လှေ (Assault Boat) ဖြင့် ကယ်ဆယ်ရေးသရုပ်ပြသခြင်း၊ Lifebuoys အသုံးပြု၍ ကယ်ဆယ်ခြင်းအား သရုပ်ပြသခြင်း၊ ရှာဖွေကယ်ဆယ်ရေးစက်လှေများဖြင့် ချီတက်သရုပ်ပြသခြင်းတို့အား ကြည့်ရှုအားပေးခဲ့ကြသည်။

          ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်လူမှုရေးရာဝန်ကြီးတို့က ပြည်နယ်မီးသတ်တပ်ဖွဲ့နှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များဖြစ်သည့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့ (၁၁)ဖွဲ့တို့အား အသက်ကယ်အင်္ကျီများနှင့် ငွေကျပ်စုစုပေါင်း(၇၅)သိန်းကို ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ကြီးမှူးကျင်းပသော ကျင်းပပြုလုပ်သော မြန်မာအီလက်ထရောနစ်မဲပေးစက် ပြင်ဆင်ထိန်းသိမ်းခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

          ‌ယင်းသင်တန်းဖွင့်ပွဲတွင်ပြည်နယ်ဝန်ကြီးချုပ်က ယခုဖွင့်လှစ်ပို့ချမည့် မဲပေးစက်ပြင်ဆင်ခြင်း အဆင့်မြင့်သင်တန်းသည် စက်များကိုရေရှည်အသုံးပြုနိုင်ရန်အတွက် နည်းပညာအရ စနစ်တကျထိန်းသိမ်းနည်းများ၊ အသေးစား ချို့ယွင်းချက်များကို ကိုယ်တိုင်ပြင်ဆင်နိုင်မည့် နည်းလမ်းများကို စာတွေ့/ လက်တွေ့ ()ပတ်ကြာဖွင့်လှစ်ပို့ချသွားမည်ဖြစ်၍ သင်တန်းသားများအနေဖြင့်သင်တန်းမှ ပို့ချချက်များကို ဂရုတစိုက်လေ့လာမှတ်သားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

          ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်(ကချင်ပြည်နယ်တာဝန်ခံ) ဦးခင်ဇော်က မဲပေးစက်များသည် ကြီးကြပ်ကန့်သတ်ပစ္စည်းများဖြစ်သည့်အတွက် ထိခိုက်ပျက်စီးမှုမရှိစေရေး အီလက်ထရောနစ် မဲပေးစက် စစ်ဆေးထိန်းသိမ်းခြင်း ဆိုင်ရာလုပ်ငန်းလမ်းညွှန်ပါ အချက်များနှင့်အညီ သတ်မှတ် ကာအတွင်း စစ်ဆေးခြင်းများကို အလေးထား ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်းနှင့် MEVM စက် ပြင်ဆင်ထိန်းသိမ်းခြင်းနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းနည်းပြများအား ချီးမြှင့်ငွေများကို ပေးအပ်ခဲ့ကြောင်း သိရသည်။