ကချင်ပြည်နယ်အတွင်း စားအုန်းဆီဖြန့်ဖြူးရောင်းချရာတွင် သက်သာသော သတ်မှတ်ဈေးနှုန်း၊ အရည်အသွေးနှင့် အခြင် အတွယ်မှန်ကန်စွာ ဖြန့်ဖြူးရောင်းချနိုင်ရေး ကြပ်မတ်ဆောင် ရွက်

မြစ်ကြီးနား  ဇူလိုင် ၇

          ကချင်ပြည်နယ်အတွင်း စားအုန်းဆီ လက်လီ/ လက်ကား ဖြန့်ဖြူးရောင်းချရာတွင် သက်သာသောသတ်မှတ်ဈေးနှုန်း၊ အရည်အသွေးနှင့် အခြင်အတွယ်မှန်ကန်စွာ ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် ကချင်ပြည်နယ်စားအုန်းဆီဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ (၁/၂၀၂၆) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးချန်တန်ခင် ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ကြသည်။
          ထိုသို့ ကျင်းပရာတွင် ကချင်ပြည်နယ်စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးက ကြီးကြပ်ရေးအဖွဲ့ဝင်များအနေဖြင့် စားအုံးဆီဖြန့်ဖြူးသည့် ကုမ္ပဏီများကို ကြီးကြပ်ကွပ်ကဲနိုင်ရေး၊ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချစေရေး၊ လက်ကား/လက်လီများကို ကြီးကြပ်ရေးစသည့်လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရေး သတ်မှတ်ဈေးနှုန်း၊ အရည်အသွေး၊ အခြင်အတွယ်မှန်ကန်စွာဖြင့် ရောင်းချစေရေးနှင့် မသမာသောနည်းလမ်းများဖြင့် ဖြန့်ဖြူးရောင်းချမှုများမရှိစေရေး အားလုံးကဝိုင်းဝန်းကြပ်မတ်ဆောင်ရွက်ကြ‌ရေး တိုက်တွန်းမှာကြားခဲ့သည်။
          ထို့အတူ ကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူးက ကချင်ပြည်နယ်အတွင်း စားအုန်းဆီသိုလှောင်ဖြန့်ဖြုးရောင်းချနိုင်ရေး ဆီခွဲတန်းရရှိမှုအခြေအနေများနှင့် ကိုယ်စားလှယ်များဖြင့် ဖြန့်ဖြုးသွားမည့်အစီအမံများကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် အဖွဲ့ဝင်များက ကဏ္ဍအလိုက်သုံးသပ်ဆွေးနွေးတင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးက လိုအပ်ချက်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
          အဆိုပါ စားအုန်းဆီဖြန့်ဖြုးခြင်းလုပ်ငန်းကြီးကြပ်ရေးအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း စားအုန်းဆီကို ၂၀၂၄ ခုနှစ် သြဂုတ်လကစ၍ ဆီခွဲတန်း တန် ၂၅၀ ရရှိခဲ့ကာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလတွင် ထပ်မံ၍ တန် ၃၀ ရရှိခဲ့ပြီး ဇွန်လတွင် ပြည်နယ်သီးနှံစိုက်ပျိုးထုတ်လုပ်နိုင်မှု၊ ဆီအထွက်နှုန်းနှင့် လူတစ်ဦးချင်း စားသုံးဖူလုံမှုအပေါ်အခြေခံ၍ လိုအပ်မှုပမာဏကို တွက်ချက်တင်ပြတောင်းခံခဲ့မှုကြောင့် ဇူလိုင်လမှစ၍ ဆီခွဲတန်း ၁၃၇ တန်ထပ်မံရရှိခဲ့ခြင်းဖြစ်ကြောင်းသိရပြီး ပြည်နယ်အတွင်း စားအုန်းဆီကို လက်ကားကိုယ်စားလှယ်(၄)က ဖြန့်ဖြူးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။