မြစ်ကြီးနား ဇူလိုင် ၉
၂၀၂၆-၂၀၂၇ ပညာသင်နှစ် တိုင်းရင်းသားဘာသာစာပေသင် ဆရာ/ ဆရာမများအတွက် ဆရာအတတ်ပညာအရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ (၅/၂၀၂၆) သင်တန်းဖွင့်ပွဲကို ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ် ပညာဦးစီးဌာန၊ မြစ်ကြီးနားပညာရေးဒီဂရီကောလိပ်၏ ဉာဏစစ်သည်ခန်းမ၌ ဇူလိုင် ၉ ရက် နံနက် ၈ နာရီက ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုးသိန်း၊ ရှမ်းတိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီး ဦးတင်အောင်၊ လီဆူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးလီပေါ်ရဲ့နှင့် ရဝမ်တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီး ဦးမယစ်ယောရှုတို့ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ သင်တန်းဖွင့်ပွဲကို သင်တန်းသား/သင်တန်းသူများက ဉာဏစစ်သည် တေးသီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ပေးကြပြီး ပြည်နယ်ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးက တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုများ မပျောက်ပျက်အောင် ထိန်းသိမ်းရာတွင် ဆရာ/ ဆရာမများ၏ အခန်းကဏ္ဍက အရေးကြီးဆုံးပင်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယနေ့ ဆွေးနွေးပွဲကာလအတွင်း ပို့ချပေးမည့် ဆရာအတတ်ပညာရပ်များနှင့် သင်ကြားရေးနည်းစနစ်များကို မိမိတို့ကိုယ်တိုင်တန်ဖိုးထားပြီး လေ့လာသင်ယူသွားကြရန် အလေးအနက်ထားမှာကြားလိုပါကြောင်း၊ အထူး သဖြင့် မိမိတို့စာပေနှင့်ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်နိုင်ကြသည့် နိုင်ငံ့သားကောင်း ဆရာ/ ဆရာမများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် မြစ်ကြီးနားပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဒေါ်ဥမ္မာမြင့်က ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် တိုင်းရင်းသားဘာသာစာပေသင်ကြားပေးကြမည့် ဆရာ၊ ဆရာမများအား အပတ်စဉ် (၅)အထိ ပို့ချသင်ကြားပေးခြင်းဖြစ်ကြောင်းနှင့် သင်တန်းတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးက ဇူလိုင် (၆)ရက်မှ ဇူလိုင် (၃၁)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားသွားမည့် သင်တန်းသို့ တက်ရောက်ကြမည့် ဆရာ/ ဆရာမ (၃၁)ဦးတို့အတွက် ထောက်ပံ့ငွေကျပ် ၆၂ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ဖျော်ဖြေရေးအဖွဲ့များကိုလည်း ချီးမြှင့်ငွေများပေးအပ်ခဲ့ကြသည်။
ယင်းနောက် ရှမ်းတိုင်းရင်းသားရိုးရာအကအလှဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြပြီး သင်တန်းသား/ သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့ကြကြောင်း သိရသည်။
