မြစ်ကြီးနား ဇူလိုင် ၂၆
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မိုင်းနားအခြေပြု ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းအား မိုင်းနားကျေးရွာအုပ်စုအတွင်းရှိ ဆွတ်ဘွမ်ကုမ္ပဏီပိုင်ခြံဝင်းအတွင်း စနစ်တကျဖွင့်လှစ်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့ မွန်းလွဲ (၁၂)နာရီခွဲက အဆိုပါခြံဝင်းအတွင်း ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းဆောင်ရွက်နေကြသည့် အသင်း/ အဖွဲ့ များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
အဆိုပါ နယ်စပ်ကုန်သွယ်ရေးစခန်းကို တရားမဝင်ကုန်စည်စီးဆင်းမှုများ လျော့နည်းပပျောက်စေရေးနှင့် နိုင်ငံတော်မှရသင့်သည့် အခွန်အခများရရှိရေးအတွက် မိုင်းနားအခြေပြုနယ်စပ်ကုန်သွယ်ရေးစခန်းအဖြစ် ရွှေမိုးတောင်ခြေတွင် ယာယီစစ်ဆေးရေးရုံး ဖွင့်လှစ်၍ လုပ်ငန်းများဆောင်ရွက် လျက်ရှိသော်လည်း ယခုအခါ မိုင်းနားကျေးရွာ-ဝေပါကျေးရွာ-ဝါရှောင်ကျေးရွာ (၁၃) ကီလိုသွားလမ်းမကြီးဘေးတွင် တည်ရှိပြီး ကုန်စည်စစ်ဆေးကြပ်မတ်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာလည်ပတ်နိုင်သော မြေဧရိယာ (၅) ဧကကျော် အကျယ် အဝန်းရှိသည့် ဆွတ်ဘွမ်ကုမ္ပဏီပိုင် ကုန်ချိန်းကွင်းနေရာတွင် ပြောင်းရွှေ့ဖွင့်လှစ်နိုင်ရေးအတွက် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ထိုသို့ ဆွေးနွေးရာတွင် ဌာနဆိုင်ရာတာဝန်ရှိသူများက ကံပိုင်တည် နယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ကုန်သွယ်နိုင်မှုအခြေအနေများနှင့်လတ်တလော မြေပြိုလမ်းပိတ်စို့မှုများကြောင့် ခေတ္တရပ်တန့်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ကံပိုင်တည်ကုန်သည်ကြီးများအသင်း၊ ကချင်ပြည်နယ်သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်းတို့မှ တာဝန်ရှိသူများက ကုန်ချိန်းကွင်းအတွင်းဖွင့်လှစ်ရာတွင် လိုအပ်သည်များနှင့် နယ်စပ်ကုန်သွယ်မှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း ကံပိုင်တည်နယ်စပ်ဂိတ်သည် ဒေသတွင်းထွက်ရှိသော တစ်ရှူးငှက်ပျောအပါအဝင် အခြားသီးနှံများအား တစ်ဖက်တရုတ်နိုင်ငံသို့ တင်ပို့ရာ အဓိကကုန်သွယ်ရေးလမ်းကြောင်းတစ်ခုပင်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ နယ်စပ်ကုန်စည်စီးဆင်းမှုများ အရှိန်အဟုန်မပျက်စီးဆင်းနိုင်ရေး၊ နိုင်ငံတော်မှရသင့်သည့် အခွန်အခများရရှိရေး၊ တရားမဝင်ကုန်စည်စီးဆင်းမှုများ ပပျောက်စေရေးအတွက် စနစ်တကျဖြင့် လုပ်ငန်းများလည်ပတ်နိုင်ရေး ယခု ဆွတ်ဘွမ်ကုမ္ပဏီပိုင် ကုန်ချိန်းကွင်း၌ ပြောင်းရွေ့ ဖွင့်လှစ်နိုင်ရေး အားလုံးကဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ကာ လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
