ပူတာအို အောက်တိုဘာ ၆
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားသုံးဆီဖူလုံရေးအတွက် သီးထပ်စိုက်စွမ်းအား တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ပူတာအိုမြို့သို့ ရောက်ရှိသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် အောက်တိုဘာ ၆ ရက် နံနက်ပိုင်းက မာမူးလဲ့ကျေးရွာအုပ်စု၊ မာမဲ့ရှီးဒီကျေးရွာအတွင်း ဒေသငါးများ တိုးမြှင့်မွေးမြူနိုင်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးမွေးမြူရေးဝန်ကြီး ဦးရဲရင့်ဆွေ၊ စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာသန်းဌေးအောင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ အဆိုပါ ကျေးရွာအတွင်းရှိ တောင်သူ ဦးငွါးရဲ့ဒွေ့၏ နေအိမ်နှင့် ဦးဝါးတာဆီး၏ နေအိမ်ခြံဝင်းများအတွင်း ငါးကန်၌ တူးဖော်၍ မိသားစုတစ်ပိုင်တစ်နိုင်အဖြစ် တီလားပီးယား၊ ရွှေဝါငါးကြင်း၊ ငါးကျည်း၊ ငါးခူများ ထည့်သွင်းမွေးမြူထားရှိမှုတို့ကို လှည်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မိသားစု တစ်ပိုင်တစ်နိုင်မှ စီးပွားဖြစ်မွေးမြူနိုင်ရေးအတွက် ကန်ဟောင်းများ ပြန်လည်တူးဖော်၍ စနစ်တကျ သတ်မှတ်ချက်များနှင့်အညီ တူးဖော်ပေးနိုင်ရေး၊ ငါးကန်များ တိုးချဲ့တူးဖော်မွေးမြူနိုင်ရေး၊ ဒေသငါးများမွေးမြူနိုင်ရေးနှင့် ငါးစာရရှိရေးအတွက် တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် အဆိုပါ ကျေးရွာအတွင်း ကျေးရွာကိုယ်ထူကိုယ်ထ တည်ထောင်ဖွင့်လှစ်ထားသော မီမီးချီလဲ့ မူကြိုကျောင်းသို့သွားရောက်ပြီး ကျောင်း၌ ကလေးငယ်များတက်ရောက်မှုအခြေအနေများ၊ သင်ကြားသင်ယူမှုလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကိုယ်ထူကိုယ်ထမူကြိုမှ အစိုးရအသိ အမှတ်ပြု မူကြိုကျောင်းဖြစ်စေရေး ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာရပ်မိရပ်ဖများအကြား ညှိနှိုင်းပေါင်းစပ် ဆောင် ရွက်ပေးခဲ့ကာ ကျောင်းအတွက် ငွေကျပ် ၁၀ သိန်းကို ပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် လုံးစွတ်ရပ်ကွက်အတွင်း မိန်းလမ်းမကြီးဘေး၌ မြေသားဖို့၍ ရေနှုတ်မြောင်းအား စနစ်တကျဖောက်လုပ်ပေးနိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ပြီး မြေဖို့ပြီးစီးပါက စည်ပင်သာယာရေးအဖွဲ့က ကားလမ်းဘေးအပင်များ စိုက်ပျိုးများ စိုက်ပျိုးနိုင်ရေးမှာကြားခဲ့သည်။
ထိုမှတစ်ဆင့် ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်အတွင်းရှိ ရဝမ်ရိုးရာယဉ်ကျေးမှုကွင်းအတွင်း ခေါင်လန်ဖူးမြို့နယ် အမတ်ပေါ်ကျေးရွာမှ နယ်မြေအနေအရ ယာယီတိမ်းရှောင်လာသော အိမ်ထောင်စု ၉၀ ကျော်ရှိရာ ယာယီတိမ်းရှောင်စခန်းသို့ သွားရောက်ပြီး စခန်းတွင်းရှိ အိမ်ထောင် စုများနှင့် ရင်းရင်းနှီးနှီး သွားရောက်တွေ့ဆုံ အားပေးထောက်ပံ့သည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူးတို့က စခန်းအိမ်ထောင်စုများ၏ လိုအပ်ချက်အရ တင်ပြတောင်းဆိုလာသော ကျောင်းနေကလေးများအတွက် ပညာသင်ကြားနိုင်ရေး ဗလာစာအုပ်ဒါဇင် ၁၀၀ နှင့် စာရေးကိရိယာမျိုးစုံတို့နှင့် အသင့်စားသုံးနိုင်သော စားသောက်ကုန်ပစ္စည်းများကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြရာ စခန်းတာဝန်ခံက ကျေးဇူးတင်စကားနှင့် စခန်းမိသားစုများအတွက် နေထိုင်စား သောက်ရေးဆိုင်ရာ လိုအပ်ချက်များကို တင်ပြသည်။
တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က စခန်းနေမိသားစုများအား နေအိမ်ခြံဝင်းဖြင့် နေထိုင်နိုင်ရေး မြေနေရာသတ်မှတ်လျာထား၍ စနစ်တကျ စီစဉ်ဆောင်ရွက်ပေးသွားမည့် အစီအစဉ်များ၊ ကျောင်းတက်ရောက်သည့် ကလေးများအတွက် ကျောင်းကြို/ပို့ယာဉ် စက်သုံးဆီ ထောက်ပံ့မည့် အစီအစဉ်များနှင့် လိုအပ်ချက်များကို သက်ဆိုင်ရာကဏ္ဍတစ်ခုချင်းအလိုက် ဖြည့်ဆည်းပေးနိုင်ရေး ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပြီး မိသားစုများအနေဖြင့် နေရပ်ပြန်နိုင်ရေး နိုင်ငံတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း အားလုံးက ဝိုင်းဝန်းပါဝင်ကြရန် လိုအပ်ပါကြောင်း၊ လိုအပ်သည်များကိုလည်း စဉ်ဆက်မပြတ် ပံ့ပိုးပေးနိုင်ရေး အတတ်နိုင်ဆုံး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အားပေးစကားပြောကြားပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အဆိုပါ ဒုတ္ထန်ရပ်ကွက်အတွင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း အခြေခံပညာအထက်တန်းကျောင်း(ဒုတ္ထန်)ဘေးရှိ လမ်းသွယ် ၅ အရှည်ပေ ၁၅၀၀ အား (၁၈)ပေအကျယ် ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ခင်းကျင်းဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် စပ်လျဉ်း၍ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး လမ်းအား ကြည့် ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။












