မြစ်ကြီးနား ဇန်နဝါရီ ၂၈
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများနှင့်အတူ ဇန်နဝါရီ ၂၈ ရက်၊ နံနက် ၇ နာရီခွဲက မြစ်ကြီးနားမြို့၌ အသစ်ပြုပြင်တည်ဆောက်ပြီးစီးခဲ့သည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး အဆောက်အအုံသစ်အား တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။
ရှေးဦးစွာ အဆောက်အအုံသစ်ဖွင့်ပွဲ ကျင်းပရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး အဆောက်အအုံသစ်ကို ကောင်းမွန်စွာ ဆောင်ရွက်ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့်များစွာ ဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်းနှင့် ရုံးအဆောက်အအုံကို အစဉ်သန့်ရှင်း သာယာလှပစေရန် ဝန်ထမ်းများအနေဖြင့် ဂရုပြုစောင့်ရှောက်ထိန်းသိမ်းကြရန်လိုပါကြောင်း၊ ထို့အပြင် ပြည်နယ်အတွင်းရှိ ပြည်သူများအတွက် ဥပဒေနှင့်ညီညွတ်သည့် အခွင့်အလမ်းများကို ပြည့်ပြည့်ဝဝ တိုးမြှင့်ရရှိနိုင်ရန် ကူညီဆောင်ရွက်ပေးစေလိုပါကြောင်း၊ ပြည်နယ်၏ နယ်စပ်ကုန်စည်စည်းဆင်းမှု၊ လူအဝင်/အထွက် ကိစ္စများတွင် တိုင်းရင်းသားပြည်သူများ၏ အကျိုးစီးပွားကို ဥပဒေလုပ်ထုံး လုပ်နည်းနှင့်အညီ ကာကွယ်ပေးစေလိုကြောင်း၊ ပြည်နယ်၏အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း တိုက်တွန်း ပြောကြားသည်။
ထို့နောက် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူးညွှန်ကြားရေးမှူး ဦးဝင်းရဲထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် လူမှုရေးရာဝန်ကြီးတို့က အသစ်တည်ဆောက်ပြီးစီးသည့် အလျား ၂၇၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၁၂ ပေရှိ L Shape ပုံသဏ္ဍာန် တစ်ထပ်အဆောက်အဦးသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ရုံး အဆောက်အအုံဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
အဆိုပါ ပြည်နယ်ဦးစီးမှူးရုံးအဆောက်အအုံသစ်တွင် ပြည်နယ်အဆင့်နှင့်လျော်ညီသည့် လူဦးရေ ၂၀၀ ဆံ့ ပန်းခင်း အစည်းအဝေးခန်းမအပါအဝင် e-ID ကွန်ပျူတာခန်းမ၊ ဌာနစုအလိုက် ရုံးခန်းများ၊ ပြည်သူများနားနေဆောင် စသည်ဖြင့် ဖွဲ့စည်းတည်ဆောက်ထားကြောင်း သိရှိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒေသတွင်းခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် ခရီးစဉ်ဒေသသစ်အဖြစ် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် အကောင်အထည်ဖော် စတင်ဖွင့်လှစ်ပေးခဲ့သည့် ဝိုင်းမော်မြို့နယ် နောင်တာလောကျေးရွာ ရေလယ်ကျွန်း မလိခသဲသောင်ပြင်ကမ်းခြေငယ် အပန်းဖြေစခန်းသို့သွားရောက်ပြီး အပန်းဖြေ စခန်းအတွင်း အများပြည်သူအပန်းဖြေအနားယူနိုင်သည့် အားကစားဇုံ၊ အလှဓာတ်ပုံ ရိုက်ကူးသည့် နေရာများ၊ ရေကစားသည့်နေရာများ၊ အပန်းဖြေနေရာ၊ ရိုးရာအစားအသောက်ဆိုင်ခန်းများ၊ နေဝင်ဆည်းဆာ အလှရှုခင်းကြည့်နေရာများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ထိုနောက် ကမ်းခြေငယ်အပန်းဖြေစခန်းအား ဧရာဝတီမြစ်ရေ မြင့်တက်ချိန်တွင် ဖြစ်ပွားတတ်သည့် သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ကာကွယ်ထားရှိရေး၊ အများပြည်သူ လုံခြုံစိတ်ချစွာ အပန်းဖြေလာရောက်နိုင်ရေး စီမံဆောင်ရွက်ထားရှိရန်နှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရှိရသည်။