ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေး၊ စားသုံးဆီဖူလုံရေးတို့အတွက် ဆီထွက်သီးနှံ စိုက်ပျိုးရိတ်သိမ်းပြီးစီးမှု၊ နွေစပါးသီးနှံစိုက်ပျိုးမှုအပေါ် ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆွေးနွေး
မြစ်ကြီးနား မေ ၂၆ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းဒေသဝမ်းစာဖူလုံရေးနှင့် ဆီထွက်သီးနှံစိုက်ဧကတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ဆီကြိတ်စက်များ အဆင့်မြှင့်တင်တိုးတက်လာနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မေ ၂၆ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း ဒေသအလိုက် ဝမ်းစာဖူလုံလာစေရေး၊ ဆီထွက်သီးနှံစိုက်ဧက တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင်လည်း ဒေသနှင့်ကိုက်ညီပြီး ပန်းတိုင်အထွက်နှုန်းရရှိစေရေန်၊ မိုးစပါးစိုက်လယ်များတွင် တိုးချဲ့စိုက်ပျိုးလာစေရန် အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် သွင်းအားစုများ ဖြည့်ဆည်းပံ့ပိုးပေးနိုင်ရေးနှင့် လိုအပ်သည်များကို အချိန်မီဖြည့်ဆည်းပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းအပြင် ဒေသတွင်း ကြိတ်ခွဲထုတ်လုပ်နိုင်ရေး ဆန်နှင့် ဆီကြိတ်ခွဲများကို အဆင့်မြှင့်တင်ခြင်း၊ အသစ်တိုးချဲ့တည်ထောင်နိုင်ရေးအတွက် ပံ့ပိုးကူညီမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊…