ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် မိုးကောင်းနှင့် နမ္မတီးမြို့ရှိ ဌာနဆိုင်ရာများ နှင့်တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
မြစ်ကြီးနား စက်တင်ဘာ ၁ ကချင်ပြည်နယ် မိုးကောင်းမြို့နယ်၊ မိုးကောင်းမြို့နှင့် နမ္မတီးမြို့တို့ရှိ မြို့နယ်နှင့် မြို့စီမံအုပ် ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံပြီး မြို့များဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်ရွက် နေမှုများကို ပြည်နယ်အစိုးရဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် ပြည်နယ်အဆင့် ဌာန ဆိုင်ရာတာဝန်ရှိသူများက စက်တင်ဘာ ၁ ရက် နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးသည် မိုးကောင်းမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံပြီး မြို့များ ဖွံ့ဖြိုးတိုးတက်ရေး၊ သာယာလှပရေးအတွက် ဘဏ္ဍာ နှစ်အလိုက် အဓိကကျသည့် လုပ်ငန်းများ ပါဝင်စေရေး၊ စီမံကိန်းများကို ရေးဆွဲတင်ပြသွားရေး၊ စိုက်ပျိုးရေးလုပ်ငန်းများတွင်လည်း သက်ဆိုင်ရာဌာနဆိုင်ရာများအပြင် အားလုံးကဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြရေး တိုက်တွန်းမှာကြားသည်။…