ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီး ရာပြည့်ကိုယ်ပိုင်အထက်တန်း ကျောင်း မိုးရာသီဘောလုံးပြိုင်ပွဲ ဖွင့်ပွဲသို့ တက်ရောက်အားပေး၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းမြေနေရာ ကျောင်းအဝင်မုဒ်ဦးနှင့် အုတ်တံတိုင်းကာရံနိုင်ရေး ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား သြဂုတ် ၂၃
          ရာပြည့်ကိုယ်ပိုင်အထက်တန်းကျောင်း၏ မိုးရာသီဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့ ပြည်နယ်ဘောလုံးကွင်း၌ကျင်းပရာ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်တက်ရောက်ခဲ့ပြီး ဘောလုံးပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့သည်။
          ရှေးဦးစွာ ပြိုင်ပွဲဝင်အမျိုးသားဘောလုံးအသင်း(၅)သင်း၊ အမျိုးသမီးဘောလုံးအသင်း (၂)သင်းတို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ပြည်နယ်လူမှုရေးရာဝန်ကြီးက ပြည်နယ်၏အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုလို ကျောင်းအဆင့်မှ မြို့နယ်၊ ခရိုင်၊ ပြည်နယ်၊ နိုင်ငံတော်အဆင့်ထိ အရည်အချင်းပြည့်ဝသော အားကစားများမွေးထုတ်ပေးရန် လိုအပ်ပါကြောင်း၊ ယနေ့ ရာပြည့်ကိုယ်ပိုင်အထက်တန်းကျောင်းအနေဖြင့် ပညာရေးနယ်ပယ်တွင်သာမက အားကစားနယ်ပယ်တွင်လည်း အရည်အချင်းရှိသော လူငယ်ကစားသမားများ မွေးထုတ်ပေးနေသည့်အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားသည်။
          ထို့နောက် မိုးရာသီဘောလုံးပြိုင်ပွဲအား ပြည်နယ်ဝန်ကြီး၊ မြစ်ကြီးနားတက္ကသိုလ်တာဝန်ခံ ပါမောက္ခချုပ် ဒေါက်တာစိုးမိုးလွင်၊ ပြည်နယ်ပညာရေးမှူး ဦးနိုင်ဝင်းအောင်၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးသီဟအောင်နှင့် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် ရာပြည့်ကိုယ်ပိုင်အထက်တန်းကျောင်းတည်ထောင်သူ ဦးဇေယျာတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင် ဘောလုံးအသင်းများအား လိုက်လံနှုတ်ဆက်အားပေးကာ ဘောလုံးများကို ပေးအပ်ခဲ့ကြသည်။
      ဆက်လက်၍ ပြည်နယ်ဝန်ကြီးနှင့်တာဝန်ရှိသူများက ကိုယ်ပိုင်အထက်တန်းကျောင်းဘောလုံး ပြိုင်ပွဲအတွက် အားကစားပစ္စည်းများကိုလည်းကောင်း၊ ချီးမြှင့်ငွေများကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြပြီး ကိုယ်ပိုင်အထက်တန်း ကျောင်း ကျောင်းသူလေးများ၏ ပန်းပွားအကဖြင့် ကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးကာ အဖွင့်ပွဲစဉ်အဖြစ် အနော်ရထာအသင်းနှင့် ကျန်စစ်သားအသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
          ထို့နောက် ပြည်နယ်ဝန်ကြီးသည် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် အရာထမ်း/ အမှုထမ်းများ၊ မော်ဖောင်းမြို့ကွက်သစ် အကောင်အထည်ဖော်ရေးကော်မတီအဖွဲ့ဝင်များနှင့်အတူ မြစ်ကြီးနားမြို့နယ် မော်ဖောင်းကျေးရွာ အုပ်စုအတွင်း ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ကွင်းအမှတ် ၂၈၂၊ ကွင်းအမည် အားကာကွင်းအတွင်း တိုးချဲ့မြို့ကွက်သစ်ဆောင်ရွက်သွားမည့် မြေဧရိယာ၌ တည်ထောင်ဖွင့်လှစ်သွားမည့် အားကစားနှင့်ကာယပညာသိပ္ပံ (မြစ်ကြီးနား) ကျောင်း အတွက် အား/ကာသိပ္ပံမြေနေရာ(၅၆)ဧကအား ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံး ငွေရင်းရန်ပုံငွေဖြင့် ဆောင် ရွက်သွားမည့် ကျောင်းအဝင်မုဒ်ဦးနှင့် အုတ်တံတိုင်း အရှည် ၃၈၀၀ ကာရံနိုင်ရေး မြေဧရိယာစနစ်တကျ တိုင်းထွာသတ်မှတ်၍ ဆောင်ရွက်နိုင်ရေးအတွက် ကြည့်ရှုစစ်ဆေးဆောင်ရွက်ပေးခဲ့ပြီး အဆိုပါ မြေနေရာအတွင်း ဌာနဆိုင်ရာများနှင့် မြို့ကွက်သစ်မြေနေရာ အိမ်ရာကွက်များအတွင်း လမ်းများဖောက်လုပ်နေမှု၊ မြေဧရိယာတိုင်းထွာသတ်မှတ်ထားရှိမှု အခြေ အနေများကိုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။