ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲဝင် အားကစားသမားများအား ဂုဏ်ပြုကြိုဆိုပြီး ထောက်ပံ့ငွေများပေးအပ်

 ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲဝင် အားကစားသမားများအား ဂုဏ်ပြုကြိုဆိုပြီး ထောက်ပံ့ငွေများပေးအပ်

မြစ်ကြီးနား     ဇွန် ၉

          ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ခရိုင်ပေါင်းစုံ အသက် (၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမားများအား ပြည်နယ်စီမံအုပ်ချုပ် ရေးကောင်စီမှ ဂုဏ်ပြုကြိုဆိုခြင်းနှင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်း အခမ်းအနားကို ဇွန် ၉ ရက် မွန်းလွဲ ၂ နာရီတွင် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။

          ပြည်နယ်အတွင်းရှိ ခရိုင်(၄)ခရိုင်မှ အသင်းအုပ်ချုပ်သူ၊ နည်းပြများနှင့် အမျိုးသမီးဘောလုံး အားကစားသမားများအား ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က ပြည်နယ်စီမံအုပ် ချုပ်ရေးကောင်စီအနေဖြင့် ပြည်နယ်၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်စေရေး ကြိုးစားဆောင်ရွက်နေသကဲ့သို့ အားကစားကဏ္ဍကိုလည်း အားပေးဆောင်ရွက် ခဲ့ပါကြောင်း၊ ပြည်နယ်အတွင်းရှိ အမျိုးသမီးများ၏ အားကစားကဏ္ဍသာမက အခြားသော အမျိုးသမီး ဘဝမြင့်မားတိုးတက်လာစေရေးအတွက် စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန် ပြည် နယ်အမျိုးသမီးအားကစားဆပ်ကော်မတီကို ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီး ဖြစ်ပါကြောင်း၊ ယနေ့ခရိုင် (၄)ခရိုင်မှ အားကစားသမားများအနေဖြင့် မိမိတို့ခရိုင်၏ဂုဏ်ကို မြင့်တင်နိုင်အောင် ကြိုးစားစွမ်းဆောင် ကြစေလိုကြောင်းနှင့် ပြည်နယ်လက်ရွေးစင်အဖြစ် ရွေးချယ်ခံရပြီး ထိုမှတစ်ဆင့် ပြည်နယ်ဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင်ဖြစ်အောင် ကြိုးစားသွားကြရန်လိုကြောင်း တိုက်တွန်းအားပေးသည်။

          ဆက်လက်၍ ပြည်နယ်အမျိုးသမီးအားကစားဆပ်ကော်မတီနာယက၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ဇနီး ဒေါ်နန်ဆိုင်းက အားကစားသမားများအား  ကြိုဆိုဂုဏ်ပြု အားပေးစကားပြော ကြားပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည် နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ကောင်စီအဖွဲ့ဝင်များက ခရိုင်(၄)ခရိုင်မှ ပြိုင်ပွဲဝင် ဘောလုံးအသင်း(၄)သင်းအတွက် တစ်သင်းလျှင် ဘောလုံး (၅)လုံးစီနှင့် ထောက်ပံ့ငွေကျပ် (၅)သိန်းစီ တို့ကို အသင်းအုပ်ချုပ်သူနှင့် အားကစားသမားများထံ အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။

          ထို့နောက် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တိုင်းရင်းသားရိုးရာအကအလှများ၊ Fitness Dance နှင့် ကရာတေး၊ ဂျူဒို၊ လက်ဝှေ့အားကစားနည်းများကို သရုပ်ပြဖျော်ဖြေတင်ဆက် ကြရာ ပြည်နယ်အမျိုးသမီးအားကစားဆပ်ကော်မတီနာယကနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ်တို့ က ဂုဏ်ပြုငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြရာ ခရိုင်(၄)ခရိုင်အားကစားအသင်းများကိုယ်စား ဗန်းမော် ခရိုင်အသင်းအုပ်ချုပ်သူက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ခရိုင် (၄)ခရိုင်မှ အားကစားသမားများအား လှိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။