မြစ်ကြီးနား အောက်တိုဘာ ၂
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးဖလား မျိုးနွယ်စုပေါင်းစုံ (အမျိုးသား) ဘောလုံးပြိုင်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးနှင့် တိုင်းရင်းသားရေးရာစာစောင်အတွက် စာမူများရေးသားပေးပို့နိုင်ရေးတို့အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ဒေသတွင်းတိုင်းရင်းသားမျိုးနွယ်စုများအားလုံးပါဝင်သည့် ဘောလုံးအားကစားပြိုင်ပွဲများ ကျင်းပပေးခြင်းဖြင့် တိုင်းရင်းသားမျိုးနွယ်စုများ တစ်စုနှင့်တစ်စု ပိုမိုရင်းနှီးချစ်ကြည်လာစေပြီး တိုင်းရင်းသားလူငယ်မောင်မယ်များ မူးယစ်ကင်းစင်ကာ ပိုမိုကျန်းမာကြံ့ခိုင်သော၊ စုစည်းညီညွတ်သော လူမှုအသိုက်အဝန်း ဖြစ်လာစေရေးအတွက် ရည်ရွယ်၍ နှစ်စဉ်ကျင်းပပေးခြင်းဖြစ်ပါကြောင်း တိုက်တွန်းပြောကြား သည်။
ထို့နောက် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ဘောလုံးပြိုင်ပွဲအတွက် ပွဲစဉ်ဇယားရေးဆွဲသတ်မှတ်နိုင်ရေး အားကစားဆိုင်ရာ နည်းစနစ်လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းဆွေးနွေးပြောကြားပြီး တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကချင်မျိုးနွယ်စု (၆)စု၊ ရှမ်းမျိုးနွယ်စု (၅)စုနှင့် ဗမာမျိုးနွယ်စုတို့မှ တာဝန်ရှိသူများက အဆိုပါ ဘောလုံးပြိုင်ပွဲ ပြုလုပ်ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများနှင့် လိုအပ်သည်များအား တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တိုင်းရင်းသားရေးရာစာစောင်များအတွက်စာမူများ ရေးသားပေးပို့နိုင်ရေး ဆက်လက်ဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးက နိုင်ငံတစ်ဝန်းရှိ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုရေးရာကိစ္စရပ်များကို တိုင်းရင်းသားရေးရာစာစောင်တွင် ပိုမိုပြည့်စုံကောင်းမွန်စွာ ထည့်သွင်းဖော်ပြပြီး ပြည်သူများသိရှိနိုင်ရေး (၄) လလျှင် (၁) ကြိမ်ထုတ်ဝေရန် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိတို့တိုင်းရင်းသားမျိုးနွယ်စုများအနေဖြင့် မိမိတို့၏ ရိုးရာယဉ်ကျေးမှုများ၊ ဓလေ့ထုံးတမ်းအစဉ်အလာများနှင့် နေထိုင်မှုဆိုင်ရာ အလေ့အထများအား စနစ်တကျရေးသားပြုစုပေးကြရေး တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်မာလာဝင်းက တိုင်းရင်းသားရေးရာစာစောင် ထုတ်ဝေသွားမည့်အစီအစဉ်များ၊ စာစောင်တွင် အများပြည်သူ သိရှိနိုင်ရေးအတွက် ထည့်သွင်းဖော်ပြရေးသားပေးပို့စေလိုသည့် စာမူဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြရာ တက်ရောက်လာသည့် မျိုးနွယ်စုများမှ တာဝန်ရှိသူများက စာမူပေးပို့နိုင်ရေး သိလိုသည်အချက်အလက်များနှင့်စပ်လျဉ်း၍ မေးမြန်းဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးက ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
