ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် စက်သုံးဆီအရောင်းဆိုင်များ သတ်မှတ် ဈေးနှုန်းဖြင့် ပုံမှန်အတိုင်းရောင်းချပေးရေး လုပ်ငန်းရှင်များနှင့် ပေါင်းစပ်ညှိနှိုင်းဆွေးနွေး

 ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် စက်သုံးဆီအရောင်းဆိုင်များ သတ်မှတ် ဈေးနှုန်းဖြင့် ပုံမှန်အတိုင်းရောင်းချပေးရေး လုပ်ငန်းရှင်များနှင့် ပေါင်းစပ်ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဧပြီ ၂၁

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် လတ်လလောပျံ့နှံ့နေသည့် စက်သုံးဆီနှင့်ပတ်သက်သည့် သတင်းအမှားများကြောင့် မြစ်ကြီးနားမြို့ရှိ စက်သုံးဆီသုံးစွဲသူပြည်သူများ စိုးရိမ်ပူပန်မှုနှင့်အတူ အလုအယက်ဝယ်ယူနေကြသည့် အခြေအနေ များအပေါ် စက်သုံးဆီလက်လီအရောင်းဆိုင်များ သတ်မှတ်ဈေးနှုန်းဖြင့် ပုံမှန်အတိုင်း ရောင်းချနိုင် ရေးအတွက် ဧပြီ ၂၀ ရက် နံနက် ၉ နာရီက စက်သုံးဆီအရောင်းဆိုင် လုပ်ငန်းရှင်များနှင့် မြန်မာ့ ရေနံဓာတုဗေဒလုပ်ငန်း၊ သိုလှောင်းဖြန့်ဖြူးရေးဌာန (မြစ်ကြီးနား)ရုံး၌ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

          ထိုသို့တွေ့ဆုံညှိနှိုင်းစဉ် ပြည်နယ်ဝန်ကြီးက စက်သုံးဆီလက်လီရောင်းချနေသည့် အရောင်း ဆိုင်လုပ်ငန်းရှင်များ၏ စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချလျက်ရှိသည့် အခြေအနေများ၊ ပြည်သူ များ စိုးရိမ်ပူပန်မှုဖြင့် ဝယ်ယူမှုအပေါ် စက်သုံးဆီပြတ်လပ်မှုမရှိစေရေး ရောင်းချဖြန့်ဖြူးနိုင်သည့် အခြေအနေများ၊ ရောင်းချဖြန့်ဖြူးရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ လက်ရှိဖြစ်ပေါ်လျက်ရှိ သည့် အခြေအနေများ၊ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးရမည့်ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်း အသိပေးဆွေးနွေးခဲ့သည်။

ထို့အပြင် သက်ဆိုင်ရာဌာနမှ ဖြည့်ဆည်းပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည့် အခြေ အနေများ၊ စက်သုံးဆီတင်သွင်းခွင့်နှင့် ပတ်သက်၍ ကြန့်ကြာမှုမရှိစေရေး ဥပဒေ၊ လုပ်ထုံး လုပ်နည်း နှင့်အညီ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည့်ကိစ္စရပ်များနှင့် သတ်မှတ်ဈေးနှုန်းအတိုင်းရောင်းချနိုင် ရေး သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ပေးကာ စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်များက လက်ရှိ စက်သုံးဆီရောင်းချပေးနေမှုများ၊ သိရှိလိုသည်များနှင့် ပေါင်းစပ်ပေးရန် လိုအပ်သည်များအား အကြံ ပြုဆွေးနွေးတင်ပြမှုများအပေါ် တာဝန်ရှိသူများအနေဖြင့်လည်း အများ ပြည်သူစိုးရိမ်ပူပန်မှုများ လျော့နည်းစေရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရေး၊  သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

          မြစ်ကြီးနားမြို့တွင် လတ်တလောစက်သုံးဆီနှင့် ပတ်သက်သည့်သတင်းအမှားများကြောင့် ယမန်နေ့က ပြည်သူများ စိုးရိမ်ပူပန်မှုများဖြင့် စက်သုံးဆီဝယ်ယူစုဆောင်းမှုများ ဖြစ်ပေါ်ခဲ့ပြီး ဧပြီ ၂၀ ရက်တွင် စက်သုံးဆီအရောင်းဆိုင်များ၌ ပုံမှန်အတိုင်းရောင်းချလျက်ရှိကြောင်း သိရှိရသည်။