မြစ်ကြီးနား အောက်တိုဘာ ၂၉
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်နေ့တွင် ကျရောက်မည့် (၃၈)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြည်နယ်/ ခရိုင်/ မြို့နယ်ဝန်ထမ်းများ၏ အားကစားပြိုင်ပွဲများဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ အားကစားကွင်း၌ ကျင်းပသည်။
အဆိုပါ အားကစားပြိုင်ပွဲများကို ဝန်ထမ်းများကျန်းမာကြံ့ခိုင်မှုရှိစေပြီး အချင်းချင်းစည်းလုံးညီညွတ်မှုရှိစေကာ စုပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရေး ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး ဖူဆယ်ဘောလုံးနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ အမျိုးသား/ အမျိုးသမီး ဘောလီဘောပြိုင်ပွဲများအပြင် လွန်ဆွဲပွဲ၊ အပြေးပြိုင်ပွဲ၊ ခေါင်းအုံးရိုက်နှင့် အခြားပျော်ပွဲရွှင်ပွဲများကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ရာ ဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများ ကျန်းမာကြံ့ခိုင်မှုရှိပြီး အချင်းချင်းစည်းလုံးညီညွတ်စွာဖြင့် နိုင်ငံ့တာဝန်များကို ထမ်းဆောင်ရာတွင်လည်း စည်း မျဉ်းစည်းကမ်း၊ ဥပဒေ၊ နည်းဥပဒေကို လေးစားလိုက်နာ၍ လူမှုဆက်ဆံရေးပတ်ဝန်းကျင်ကောင်းများကို ဖန်တီးပေးစွမ်းနိုင်သည့် ဝန်ထမ်းကောင်းများဖြစ်အောင်ကြိုးစားကြစေလိုကြောင်းပြောကြားကာ အားကစားပြိုင်ပွဲများကို ဖွင့်လှစ်ပေးလိုက်သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်/ ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ပြိုင်ပွဲဝင်အားကစားအသင်းများအား ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၃၅ သိန်းကိုလည်းကောင်း၊ ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ပါဝင်အားဖြည့်ကူညီသော ဘင်ခရာအဖွဲ့အတွက် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ပြီး အားကစားအသင်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကြကာ ဝန်ထမ်းများ၏ တေးဂီတအစီအစဥ်ဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်ဥပေဒချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်တို့သည် ပြည်နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်လွင်နှင့် ညွှန်ကြားရေးမှူးများ၊ အရာထမ်း/ အမှုထမ်းများ သည် အားကစားပြိုင်ပွဲများအနက် အဖွင့်ပွဲစဉ်အဖြစ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ပြည်နယ်ရုံး၊ ဌာနခွဲ(၁)နှင့် ချီဖွေခရိုင်အသင်းတို့၏ ယှဉ်ပြိုင်မှုကို ကြည်ရှုအားပေးကြသည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများသည် ယနေ့နံနက်ပိုင်းကလည်း မြစ်ကြီးနားမြို့ မနောကွင်းအတွင်း၌ ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပပြုလုပ်လျက်ရှိသည့် သီတင်းကျွတ် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ဒုတိယနေ့အဖြစ် ကျင်းပ ပြုလုပ်နေမှုကို သွားရောက်ကြည့်ရှု အားပေးခဲ့ကြသည်။
ထိုသို့ သွားရောက်ကြည့်ရှုအားပေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မနောကွင်းအတွင်း မဂျွယ်ခန်းမရှေ့၌ ဖွင့်လှစ်ပြသထားသည့် စိုက်ပျိုးရေးဦးစီးဌာန၏ ဒေသထွက်သီးနှံပြခန်း၌ ဝိုင်းမော်မြို့နယ်နှင့် မြစ်ကြီးနားမြို့တို့ရှိ ယာယီတိမ်းရှောင်စခန်း (၃)ခုမှ အိမ်ထောင်စုများအတွက် ဟင်းသီးဟင်းရွက်သီးနှံ အမယ်စုံတို့ကို ထောက်ပံ့ပေးအပ်ကြပြီး သစ်တောဦးစီးဌာန၏ ဒေသထွက် သစ်၊ ဝါး၊ ကြိမ်အချောထည်အရောင်းပြခန်း၊ ကျောက်မျက်လုပ်ငန်းရှင်များအသင်း(မြစ်ကြီးနား)၏ ကျောက်စိမ်း၊ ကျောက်မျက် အချောထည်ပြခန်း၊ မြစ်ကြီးနားတက္ကသိုလ်မှ ဘာသာရပ်အလိုက် ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
ထို့နောက် မဂျွယ်ခန်းမအတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသည့် ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်များ၏ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ အဝတ်အထည်နှင့် ကျောက်စိမ်း၊ ပယင်းနှင့် လက်ဝတ်ရတနာအချောထည် အရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော ထွက်ကုန်ပစ္စည်းများအား ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ တက္ကသိုလ်ပါမောက္ခဌာနမှူး နှင့် နည်းပြများ၊ အခြေခံပညာဆရာ/ ဆရာမများနှင့် ပွဲတော်လာရောက်သည့် ဒေသခံပြည်သူများအတွက် ဝယ်ယူဖြန့်ဝေပေးကြပြီး ပွဲတော်အတွင်း ဖျော်ဖြေရေးအစီအစဉ်အဖြစ် မလိခ Music Band တေးဂီတအဖွဲ့၏ ဖျော်ဖြေတင်ဆက်မှုကို ပြည်သူများနှင့်အတူ ကြည့်ရှုအားပေးကြကြောင်း သိရသည်။












