မြစ်ကြီးနား သြဂုတ် ၂၂
ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ ဒေသတွင်းရှိ ပြည်သူများနည်းပညာဆိုင်ရာ သိသင့်သိထိုက်သည်များနှင့် အသိပညာဗဟုသုတ ပိုမိုသိရှိနားလည်စေရေး ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကချင်ပြည်နယ်ဒေသခံကော်မတီတို့က ပြည်သူလူထုနှင့်တွေ့ဆုံဆွေးနွေးပွဲများကို အဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၂၂ ရက်ကလည်း မြစ်ကြီးနားမြို့နယ်အတွင်းရှိ ကျေးရွာများအထိ ကွင်းဆင်း၍ ဆွေးနွေးခဲ့ကြသည်။
ထို့သို့ တွေ့ဆုံဆွေးနွေးရာတွင် နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့နယ် လွယ်ခေါ(ဂတ်ရှန်ယန်) ကျေးရွာရှိ ပြည်သူများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးရှိခန်းမ၌ တွေ့ဆုံခဲ့ကြပြီး ပြည်နယ်အစိုးရအဖွဲ့ ဝင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာအောင်ဝင်းက ရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်သော နည်းပညာဆိုင်ရာအချက်အလက်များ၊ ဘူမိဗေဒဆိုင်ရာပညာရှင် တွေ့ရှိချက်များ၊ လျှပ်စစ်စွမ်းအင်ရရှိမှုပေါ်မူတည်၍ နိုင်ငံတစ်ခုနှင့်တစ်ခု ဖွံ့ဖြိုးတိုးတက်မှုကွာခြားပုံ၊ မြစ်ဆုံနေရာကို ရွေးချယ်ရခြင်း၏ အင်ဂျင်နီယာဆိုင်ရာ အားသာချက်များနှင့် သိလိုသည် များကို ပွင့်လင်းစွာ ဆွေးနွေးပေးစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ကျေးရွာနေပြည်သူများက မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ သိရှိလိုသည့် အချက်အလက်များ၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ထားရှိမှုအစီအမံများ၊ ဧရာဝတီမြစ်တစ်လျောက် နေထိုင်သူများအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ စီမံကိန်းတည်ဆောက်စဉ်ကာလအတွင်း မည်သို့ကြီးကြပ်ဆောင်ရွက်သွားမည်/ မည်သူက ကြပ်မတ်သွား ဆောင်ရွက်သွားမည်ကို သိရှိလိုကြောင်းနှင့် ဒေသခံများ၏ ခံစားခွင့်၊ အကျိုးအမြတ်၊ စိုးရိမ်ပူပန်မှုများ အပေါ် ပွင့်ပွင့်လင်းလင်းမေးမြန်းခဲ့ကြရာ ပြည်နယ်ဝန်ကြီးနှင့် ကချင်ပြည်နယ်ဒေသခံကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးပေးခဲ့ကြ သည်။
အလားတူ မွန်းလွဲ ၁ နာရီကလည်း ပြည်နယ်ဝန်ကြီးနှင့် ဒေသခံကော်မတီအဖွဲ့ဝင်များ ဦးဆောင်သည့်အဖွဲ့က မြစ်ကြီးနားမြို့နယ် ရှဒေါင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးရှိခန်းမ၌ ဧရာဝတီ မြစ်ဆုံ – မြစ်ညာ မြစ်ဝှမ်းရေအား လျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ ကျေးရွာနေပြည်သူများနှင့် ရင်းနှီးပွင့်လင်းစွာဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

