ကချင်ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီး ၆ လပြည့်နိုင်ငံ့ဝန်ထမ်းများအား ကာကွယ်ဆေးအပိုဆောင်း ထိုးနှံပေးနေမှုနှင့် မြန်မာ့ရိုးရာလက်ဝှေ့ပွဲကျင်းပမှုကို ကြည့်ရှုအားပေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီး ၆ လပြည့်နိုင်ငံ့ဝန်ထမ်းများအား ကာကွယ်ဆေးအပိုဆောင်း ထိုးနှံပေးနေမှုနှင့် မြန်မာ့ရိုးရာလက်ဝှေ့ပွဲကျင်းပမှုကို ကြည့်ရှုအားပေး

မြစ်ကြီးနား     ဇန်နဝါရီ ၈

          ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီး ၆ လပြည့်ပြီးသည့် နိုင်ငံ့ဝန်ထမ်းများအား ကာကွယ်ဆေး အပိုဆောင်းထိုးနှံပေးခြင်းလုပ်ငန်းကို ဇန်နဝါရီ ၈ ရက် နံနက် ၉ နာရီခွဲတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြသည်။

          နိုင်ငံဝန်ထမ်းများအား ကာကွယ်ဆေးအပိုဆောင်း ထိုးနှံပေးနေမှုကို ကျန်းမာရေးဝန်ထမ်း များက ကိုဗစ် စည်းကမ်းများနှင့်အညီ စာရင်းကောက်ယူခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ နိုင်ငံဝန်ထမ်းများအား ထိုးနှံပေးခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက ကာကွယ်ဆေးထိုးနှံပေးနေမှုကို ကြည့်ရှုအားပေး ခဲ့ကြပြီး ကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေများကို ပေးအပ်ချီးမြှင့်ခဲ့သည်။

          ယင်းနောက် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ လာမည့် ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားအောင်မြင် စွာ ကျင်းပပြုလုပ်နိုင်ရေး ပြည်နယ်ဝန်ကြီးချုပ်က ဦးဆောင်၍ လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် ညှိနှိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရာ ပြည်နယ်နေ့အခမ်းအနားတွင် သဝဏ်လွှာဖတ်ကြားမည့် အစီအစဉ်များ၊ မနောအက အဖွင့်နှင့်အပိတ် (၂)ကြိမ် စုပေါင်းဆင်နွှဲမည့် အစီအစဉ်များ၊ ပြခန်းများ တွင် စုံလင်စွာပြသနိုင်ရေး စီမံဆောင်ရွက်ထားရှိမှုများ၊ ပြည်နယ်အတွင်း စွမ်းစွမ်းတမံဆောင်ရွက် ခဲ့ကြသည့် ပုဂ္ဂိုလ်များအတွက် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ် ချီးမြှင့်အပ်နှင်းနိုင်ရေး စီမံဆောင်ရွက် ထားရှိမှုများနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။

          ထိုမှတစ်ဆင့် ပြည်သူ့အားကစားကွင်းအတွင်း မိုးလုံလေလုံအားကစားခန်းမ၌ (၇၄)နှစ် မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲနှင့် မျိုးဆက်သစ်ပြိုင်ပွဲ တွဲဆိုင်း(၁၂)တို့ယှဉ်ပြိုင်ထိုးသတ်နေမှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက တက်ရောက် ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အာရှနဂါး (ကျားဖြူကလပ်)နှင့် သတ္တိမာန် (ရိုးရာ မာန်ကလပ်)တို့၏ အောင်လံလုပွဲတွင် ပူးတွဲသရေကျသည့်အတွက် နှစ်ဦးလုံးအား တံခွန်စိုက်အလံ၊ ချီးမြှင့်ငွေများနှင့် တံခွန်စိုက်ဒိုင်းဆုကို လည်းကောင်း၊ ကျန်တွဲဆိုင်းများတွင်လည်း ဆုငွေနှင့် အောင်လံတို့ကို အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်။