နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ မြစ်ကြီးနားမြို့၌ လီဆူတိုင်းရင်းသားများနှင့်တွေ့ဆုံမြို့တွင်းလှည့်လည်စစ်ဆေး

 နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ မြစ်ကြီးနားမြို့၌ လီဆူတိုင်းရင်းသားများနှင့်တွေ့ဆုံမြို့တွင်းလှည့်လည်စစ်ဆေး

မြစ်ကြီးနား              ဇန်နဝါရီ ၉

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့်  ဦး Jang Phang နော်တောင်၊ ဦးရွှေကြိမ်း၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်နှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ပြည်‌ထောင်စုဝန်ကြီး ဦးစောထွန်း အောင်မြင့်၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး နှင့် ဌာနဆိုင်ရာအကြီးအကဲများသည် ဇန်နဝါရီလ ၉ ရက် နံနက် ၁၀ နာရီတွင် မြစ်ကြီးနားမြို့သို့ အထူးလေယာဥ်ဖြင့် ရောက်ရှိခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦးနှင့် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများက ကြိုဆိုကြသည်။

          ထို့နောက် မလိခရိပ်သာဧည့်ခန်းမဆောင်တွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများထံ  ကချင်တိုင်းရင်းသား ကချင်ရိုးရာ ဓါး၊ လွယ်အိတ် နှင့် ခေါင်းပေါင်း တို့ကို  ဂါဝရ ပြုပေးအပ်သည်။

          ထိုမှတဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် မြစ်ကြီးနားမြို့ လီဆူရိုးရာယဥ်ကျေးမှုကွင်း၌ မြန်မာနိုင်ငံလီဆူ စာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီအဖွဲ့ဝင်များ၊ တိုင်းရင်းသား မျိုးနွယ်စုများနှင့် တွေ့ဆုံသည်။

          တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦး Jang Phang နော်‌တောင် ၊ နယ်စပ်‌ ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် တိုင်းရင်းသား ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်တို့က နှုတ်ခွန်းဆက်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံလီဆူစာပေနှင့်ယဥ်ကျေးမှုဗဟိုကော်မတီဥက္ကဌ ဦးအားဖူရီလီမီမှကျေးဇူး တင်စကားနှင့် စာပေနှင့်ယဥ်ကျေးမှုအဖွဲ့အတွက် လိုအပ်ချက်များကို တင်ပြသည်။

          ဆက်လက်၍ ဦးအားဖူရီလီမီက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့ထံ လီဆူတိုင်းရင်းသားတို့၏ ရိုးရာ “ဇာဇော်”အား ဂါဝရပြုပေးအပ်ပြီး လီဆူတိုင်းရင်းသား /သူလေးများက လီဆူရိုးရာ ကွာချဲအက ဖြင့် ကပြဖျော်ဖြေခဲ့ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လီဆူစာပေနှင့်ယဥ်ကျေးမှုအဖွဲ့အတွက် ထောက်ပံ့ငွေများ ကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။           ထိုနောက် မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးတို့သည် တာဝန်ရှိသူများနှင့် မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ကူး တံတား အမှတ် (၂) တည်ဆောက်ရေးစီမံကိန်းနေရာ၌ တံတားသစ်တည်ဆောက်နေမှုအခြေအနေ များ၊ မြစ်ကြီးနားတက္ကသိုလ်၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံအားပေးကာ တက္ကသိုလ်စာကြည့်တိုက်ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ယူတည် ဆောက်လျက်ရှိသည့် ရေကူးပြေးလမ်း ၁၀ လမ်းပါ (၅၀ မီတာ၊ ၂၅ မီတာ)ရှိ ရေကူးကန် တည်ဆောက်နေမှု၊ ရေကူးကန်အတွင်း ပွဲကြည့်စင်၊ အမိုး၊ဒိုင်းများ ထည့်သွင်းတည်ဆောက်ထား ရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန် မှာကြားခဲ့ကြသည်။