ကချင်ပြည်နယ်ဝန်ကြီးချုပ် နယ်မြေလုံခြုံရေးအရ ခေတ္တတိမ်းရှောင်လာသော ဆွတ်ပီယန်နှင့် လုံရှာယန်ဒေသခံ ပြည်သူများအား နေရပ်ကျေးရွာများသို့ ပြန်လည်ပို့ဆောင်ပြီး ပြည်တော်ပြန်များအား တွေ့ဆုံ အားပေးထောက်ပံ့

 ကချင်ပြည်နယ်ဝန်ကြီးချုပ် နယ်မြေလုံခြုံရေးအရ ခေတ္တတိမ်းရှောင်လာသော ဆွတ်ပီယန်နှင့် လုံရှာယန်ဒေသခံ ပြည်သူများအား နေရပ်ကျေးရွာများသို့ ပြန်လည်ပို့ဆောင်ပြီး ပြည်တော်ပြန်များအား တွေ့ဆုံ အားပေးထောက်ပံ့

မြစ်ကြီးနား     ဧပြီ ၂၇

          ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်ပူတာအိုခရိုင်အတွင်းရှိ ဆွတ်ပီယန်ကျေးရွာအုပ်စုနှင့် လုံရှာယန်ကျေးရွာအုပ်စုများမှ နယ်မြေလုံခြုံရေးအခြေအနေအရ မြစ်ကြီးနားမြို့နယ်အတွင်း ခေတ္တနေရပ်စွန့်ခွာတိမ်းရှောင်လာသော ဒေသခံပြည်သူများအား ၎င်းတို့၏ နေရပ်ကျေးရွာများသို့ ပြန်လည်နေထိုင်ရေး စီမံဆောင်ရွက်ပေးလျက်ရှိရာ ဧပြီ ၂၇ ရက် နံနက် ၈ နာရီခွဲက စီတာပူရပ်ကွက်ရှိ မနောကွင်းအတွင်း စုရပ်ပြုလုပ်ပြီး ကျန်ရှိနေသေးသည့် အိမ်ထောင်စုများအား  နေရပ်ပြန်လည် ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

          ထိုသို့ဆောင်ရွက်ရာတွင် မနောကွင်းအတွင်း စုရပ်ပြုလုပ်၍ တတိယအသုတ်အဖြစ် ခေတ္တ နေရပ်စွန့်ခွာတိမ်း‌ရှောင်လာသော အိမ်ထောင်စု (၈၉)စု၊ လူဦးရေ (၂၄၆)ဦးတို့အား ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြန်လည်လိုက်ပါပို့ဆောင်ပေးကြမည့် ခရစ်ယာန်ဘာသာရေး အသင်းအဖွဲ့များမှ ဘုန်းတော်ကြီးများ၊ တာဝန်ရှိသူများနှင့် နေရပ်ပြန်ပြည်သူများအား ရင်းရင်း နှီးနှီး သွားရောက်တွေ့ဆုံပြီး လမ်းခရီးတွင် စားသောက်နိုင်ရေး မုန့်နှင့်ရေသန့်ဘူးများ၊ သက်ကြီး ဘိုးဘွားများနှင့် မိခင်များအတွက် ထောက်ပံ့ငွေများနှင့် တစ်အိမ်ထောင်လျှင် ဆန် ၁ အိတ်စီကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် နေရပ်ပြန်လည်နေထိုင်ရာတွင် လိုအပ်သည့် အခက် အခဲများ၊ လတ်တလောနေထိုင်စားသောက်ရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ ရှင်းလင်းအားပေးပြောကြားပြီး လမ်းခရီးအစဉ်ပြေချောမွေ့စေရေး လိုအပ်သည် များကို ဘာသာရေးခေါင်းဆောင်များ၊ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ကန်ပိုက်တီနယ်စပ်ဂိတ်မှ တစ်ဆင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ ပြန်လည်စေလွှတ်ခဲ့သော ပြည်တော်ပြန်များအား မြစ်ကြီးနားမြို့၌ ယမန်နေ့ ညပိုင်းက စိစစ်လက်ခံ၍ အမျိုးသားဆောင်အဖြစ် Quarantine ထားရှိသည့် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန မိုးလုံလေလုံအားကစားခန်းမသို့ သွားရောက်ပြီး  ပြည်တော်ပြန် အမျိုးသား (၂၁၃) ဦးတို့အား တွေ့ဆုံအားပေးစကားပြောကြားသည်။

ထို့အပြင် ကိုဗစ်-၁၉ ရောဂါစစ်ဆေးပေးနိုင်ရေး၊ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေးနှင့် နေထိုင် စားသောက်ရေးအတွက် လိုအပ်သည့် အစားအသောက်၊ အဝတ်အထည်၊ အသုံးအဆောင်ပစ္စည်း များ ဖြည့်ဆည်းပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ ကျန်းမာရေးဝန်ထမ်းများအပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ကြီးကြပ်စောင့်ကြည့်သည့်ဝန်ထမ်း များအတွက် ထောက်ပံ့ငွေကျပ် ၃ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။           ယင်းနောက် ပြည်တော်ပြန်အမျိုးသမီး (၈၅)ဦးတို့အား Quarantine ထားရှိသည့် သီတဂူ စက္ကုဒါနဆေးရုံသို့ သွားရောက်တွေ့ဆုံအားပေးခဲ့ကြပြီး ကလေးငယ်မိခင်များနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများအတွက် ထောက်ပံ့ငွေကျပ် ၃ သိန်းနှင့် ပြည်တော်ပြန်များ စောင့်ကြပ်ကူညီပေးနေ သည့် ဌာနဆိုင်ရာများအတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြကာ လိုအပ်သည်များ ဖြည့်ဆည်းပေးနိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေး ခဲ့ကြောင်း သိရှိရသည်။