ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တို့ရှိ လျှပ်စစ် ဓာတ်အားခွဲရုံများ လည်ပတ်နေမှုနှင့် ခွဲရုံဝန်ထမ်းများ၏ လိုအပ်ချက်များ ဖြည့်ဆည်းပေး

 ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တို့ရှိ လျှပ်စစ် ဓာတ်အားခွဲရုံများ လည်ပတ်နေမှုနှင့် ခွဲရုံဝန်ထမ်းများ၏ လိုအပ်ချက်များ ဖြည့်ဆည်းပေး

မြစ်ကြီးနား     ဧပြီ ၂၈

          ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ လျှပ်စစ်ဓာတ်အားခွဲရုံ များ လုပ်ငန်းလည်ပတ်မှု အခြေအနေများကို ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် သည် ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာမှူး ဦးခန့်ထက်၊ တာဝန်ရှိသူများနှင့်အတူ ဧပြီ ၂၈ ရက် နံနက် ၁၁ နာရီတွင် လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်ရှိ မလိ၊ ဒဘတ်ရေအားလျှပ်စစ် ဓာတ်အားခွဲရုံသို့ သွားရောက်ပြီး ဘူးဂါးလျှပ်စစ်ဓာတ်အားပေးလုပ်ငန်း၊ မန်နေဂျာ ဦးလအောင်နှင့် တာဝန်ရှိသူများ၏ မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်များသို့ လျှပ်စစ်ဓာတ် အားဖြန့်ဖြူးပေးနေမှု လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြမှုများကို လှည့်လည်ကြည့်ရှုစစ် ဆေးခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ထိုမှတဆင့် ပြည်နယ်ဝန်ကြီးသည် ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာရှိ ၁၃၂ / ၆၆ / ၁၁ ကေဗွီ ၆၀ အမ်ဗွီအေ ဝိုင်းမော်ပင်မဓာတ်အားခွဲရုံသို့ သွားရောက်ပြီး ခွဲရုံဝန်ထမ်းများနှင့် တွေ့ဆုံ ကာ ဝန်ထမ်းမိသားစုများအတွက် ပင်မခွဲရုံအဝင်လမ်း၊ လိုအပ်ချက်များနှင့် ဌာနပိုင်မြေနေရာကိစ္စ ရပ်များစသည့် လိုအပ်ချက်များနှင့် ပတ်သက်၍ တင်ပြမှုများအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် ပေးခဲ့ကာ ပင်မခွဲရုံအတွင်း ဓာတ်အားလိုင်းခွဲများဖြင့် ပို့လွှတ်ဖြန့်ဖြူးပေးနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

          ယင်းနောက် ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာရှိ လာချိဒ်ရိုးရာယဉ်ကျေးမှုကွင်း၌ လာချိဒ် စာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီ၏ တစ်နှစ်ပြည့်နှစ်ပတ်လည်စုံညီအစည်းအဝေးသို့ တက် ရောက်ပြီး ပြည်နယ်ဝန်ကြီးက ဗဟိုကော်မတီ နာယက၊ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များ၊ လာချိဒ်တိုင်းရင်းသား များနှင့်တွေ့ဆုံကာ စာပေနှင့် ရိုးရာယဉ်ကျေးမှုများကို လူငယ်များအား လက်ဆင့်ကမ်းထိန်းသိမ်း သွားနိုင်ရေး၊ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် အေးချမ်းပျော်ရွှင်စွာနေထိုင် သွားရေးနှင့် လိုအပ်သည်များ ကူညီပံ့ပိုးပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်းပေးရန်မည့် ကိစ္စရပ်များကို အားပေးဂုဏ်ပြုပြောကြားခဲ့ကြောင်း သိရှိရသည်။