ကချင်ပြည်နယ်ဝန်ကြီးချုပ် နယ်မြေမီးသတ်စခန်း အဆောက်အဦသစ်ဆောက်လုပ်နိုင်ရေး ပန္နက်တင်မင်္ဂလာအခမ်းအနား၊ ဝန်ကြိးချုပ်ဖလား မြို့နယ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် မြစ်ကြီးနားဘူတာနယ်မြေဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲများသို့ တက်ရောက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် နယ်မြေမီးသတ်စခန်း အဆောက်အဦသစ်ဆောက်လုပ်နိုင်ရေး ပန္နက်တင်မင်္ဂလာအခမ်းအနား၊ ဝန်ကြိးချုပ်ဖလား မြို့နယ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် မြစ်ကြီးနားဘူတာနယ်မြေဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲများသို့ တက်ရောက်

မြစ်ကြီးနား    မေ ၂၄

          ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် မီးဘေးအန္တရာယ်ကာကွယ်နိုင်ရေးနှင့် မီးလောင်မှုဖြစ်ပွား လာပါက မီးငြှိမ်းသတ်ခြင်းလုပ်ငန်းကို လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရေး ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၁၆၈.၁၅ သန်း ဖြင့် ပြည်နယ်မီးသတ်ဦးစီး ဌာနမှ အသစ်တည်ဆောက်သွားမည့် လယ်ကုန်းနယ်မြေမီးသတ်စခန်း (၄၅× ၅၀×၂၆)ပေ RC (၂)ထပ် အဆောက်အဦသစ်ဆောက်လုပ်နိုင်ရေး ပန္နက်တင်မင်္ဂလာအခမ်းအနားကို မေ ၂၄ ရက် နံနက် ၈ နာရီခွဲက လယ်ကုန်းရပ်ကွက်ရှိ အဆိုပါ နယ်မြေမီးသတ်စခန်းမြေနေရာ၌ ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ နယ်မြေမီးသတ်စခန်း (၄၅× ၅၀×၂၆)ပေ RC (၂)ထပ် အဆောက်အဦသစ်ဆောက် လုပ်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းနှင့် အဆောက်အဦကို တာဝန်ခံတည်ဆောက်သွားမည့် ရှဝါနန်ကုမ္ပဏီဒါရိုက်တာ ဦးမျိုးမြင့်အောင်တို့က သတ်မှတ်နေရာအသီးသီး၌ ပန္နက်ရိုက်ပေးကြသည်။

ဆက်လက်၍ တာဝန်ခံကုမ္ပဏီ ဒါရိုက်တာက (၅)လအတွင်း အပြီးတည်ဆောက်သွားမည့် နယ်မြေမီးသတ်စခန်း တည်ဆောက်ရေးလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ရှင်းလင်းတင်ပြခဲ့ရာ ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများအားမှာကြားခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်အတူ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မိုးလုံလေလုံအားကစား ခန်းမ၌ ပြုလုပ်ကျင်းပသည့် ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် (အမျိုးသား) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

          ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ကျင်းပသည့် မြို့နယ်ပေါင်းစုံ ပိုက်ကျော် ခြင်းပြိုင်ပွဲမှ တစ်ဆင့် ပြည်နယ်ကိုယ်စားပြု လက်ရွေးစင်အသင်းကို ရွေးချယ်စုဖွဲ့၍ စခန်းသွင်း လေ့ကျင့်ပေးသွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် မိမိတို့အစိုးရအဖွဲ့အနေဖြင့်လည်း တန်ဖိုးရှိသော၊ စွမ်းရည်ထက်မြက်သော အားကစားသမားလူရည်ချွန်များ ပေါ်ထွက်လာရေး၊ ပြည်နယ်၏ အနာဂတ် ကို အကောင်းဆုံး ပုံဖော်ထုဆစ်ပေးနိုင်မည့် အားကစားသမားကောင်း လူငယ်လူရွယ်များ ပေါ်ထွန်း လာရေးအတွက် အားကစားပြိုင်ပွဲများကို စဉ်ဆက်မပြတ် ကျင်းပနိုင်ရေး ပံ့ပိုးကူညီဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ပြောကြားပြီး ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။

          ဆက်လက်၍ ပြည်နယ်အတွင်းရှိ မြစ်ကြီးနား၊ တနိုင်း၊ ဝိုင်းမော်၊ ချီဖွေ၊ ဗန်းမော်၊ မိုးမောက်၊ ရွှေကူ၊ မိုးညှင်း၊ မိုးကောင်း၊ ပူတာအိုမြို့နယ်စသည့် မြို့နယ် ၁၀ မြို့နယ်မှ ပြိုင်ပွဲဝင်အသင်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။ ထို့နောက် ဖွင့်ပွဲအထိမ်းအမှတ် တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အကအလှများဖြင့် သရုပ်ပြဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးပြီး သရုပ်ပြ အဖွဲ့များအတွက် ထောက်ပံ့ငွေကျပ် ၈ သိန်းကို ထောက်ပံ့ပေးအပ်ကာ အဖွင့်ပွဲစဉ်အဖြစ် မြစ်ကြီးနား မြို့နယ်နှင့် ရွှေကူမြို့နယ် အမျိုးသား (၃)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ကြည့်ရှုအားပေး ခဲ့ကြသည်။

          အဆိုပါ ပြည်နယ်ဝန်ကြီးချုပ်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲကို ပြည်နယ်အတွင်းရှိ မြို့နယ် ၁၀ မြို့နယ်မှ အသင်း (၁၀)သင်းဖြင့် အမျိုးသား (၃)ယောက်တွဲ၊ (၂)ယောက်တွဲ ပြိုင်ပွဲများ ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး မေ ၂၆ ရက်တွင် ဆုချီးမြှင့်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ဆုများကို ထိုက်တန်စွာ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲ (၁)နာရီခွဲတွင် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြည်နယ်အစိုးရအဖွဲ့ရုံးမလိခခန်းမ၌ ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့်ဖွံ့ဖြိုး ရေးအများပိုင်ကုမ္ပဏီလီမိတက်(KSID)မှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး မြစ်ကြီးနားဘူတာနယ်မြေ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ကျင်းပပြုလုပ်ခဲ့သည်။

          လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားဘူတာနယ်မြေ ဖွံ့ဖြိုး တိုးတက်ရေးအတွက် စီမံကိန်းသည် ပြည်နယ်၏ မြို့တော်ဖြစ်သည့် မြစ်ကြီးနားကို အခြေပြုပြီး ပြည်နယ်တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းစေမည့် စီမံကိန်း     လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ စီမံကိန်းလုပ်ငန်းတွင် နိုင်ငံတကာအဆင့်မီ ရထားဘူတာရုံနှင့် ဆက်စပ် အဆောက်အဦများအပြင် ဝန်ထမ်းအိမ်ရာများ၊ ဈေးဆိုင်ခန်းများ၊ စီးပွားရေးနှင့် အများပြည်သူဧရိယာ များပါဝင်သည့်အတွက် စီမံကိန်းကို နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များနှင့်အညီ၊ တည်ဆဲ ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ တစ်ဆင့်ချင်း အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်း အကောင်အထည် ဖော်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။           ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့်ဖွံ့ဖြိုးရေး အများပိုင်ကုမ္ပဏီလီမိတက်(KSID)မှ တာဝန်ရှိသူများက ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် မြန်မာ့မီးရထားဌာနနှင့်ပေါင်းစပ်ပြီးစီမံကိန်းအကြိုဖြစ်မြောက် နိုင်ခြေလေ့လာမှု၊ စီမံကိန်းအကောင်အထည်ဖော်ရေးဆိုင်ရာ အဆိုပြုလွှာ တင်ပြမှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့် ဥပဒေလုပ်ထုံးလုပ်နည်းများ၊ အမိန့်ညွှန်ကြားချက်များ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို တင်ပြဆွေးနွေး ကြရာ ပြည်နယ်ဝန်ကြီးချုပ် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဌာနဆိုင်ရာ များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။