ကချင်ပြည်နယ်ဝန်ကြီးချုပ်၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းသား/ ကျောင်းသူများ ကျောင်းအပ်နှံလက်ခံဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခြင်းနှင့် ပြည်နယ်အတွင်းရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ်၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းသား/ ကျောင်းသူများ ကျောင်းအပ်နှံလက်ခံဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခြင်းနှင့် ပြည်နယ်အတွင်းရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

မြစ်ကြီးနား     မေ ၂၆

          ၂၀၂၂ – ၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံ‌ရေးသီတင်းပတ်အဖြစ် ကျောင်းသား/ ကျောင်းသူများ ပညာသင်ကြားခွင့်ရရှိရေး အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းကို မေ ၂၆ ရက်တွင် စတင်လက်ခံဆောင်ရွက်လျက်ရှိရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်  မြစ်ကြီးနားမြို့ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအပ်နှံရေးနေ့အထိမ်းအမှတ် ကျောင်းအပ်လက်ခံဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။

          ထို့သို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသားမိဘများက မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်အလိုက် ကျောင်းသား/ ကျောင်းသူများအား ကျောင်းအပ်နှံခြင်းနှင့် ဆရာ/ ဆရာမများက ကျောင်းအပ်လက်ခံခြင်း၊ ပြဋ္ဌာန်းစာအုပ်များ၊ ကျောင်းသုံးဗလာစာအုပ်၊ ခဲတံ များ ဖြန့်ဝေပေးအပ်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ်သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦး၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ဆရာ၊ ဆရာမများ၊ကျောင်းသားမိဘများ၊ ကျောင်းသား/ သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးခဲ့ကြကာ ကျောင်းသားကလေးငယ်များအတွက် ပညာရေးဝန်ကြီးဌာနမှ ထောက်ပံ့ပေးအပ် ထားသည့် စနစ်သစ်ပြဋ္ဌာန်းစာအုပ်များကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်အတွင်းရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင် အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး ပြည်နယ် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်များရှိ တက္ကသိုလ်ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ် များ၊ ကျောင်းအုပ်များနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းရှိ တက္ကသိုလ် ဒီဂရီကောလိပ်များတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မောင်မယ်သစ်လွင်ကြိုဆိုပွဲများနှင့်အတူ နိုင်ငံတော်၏ အနာဂတ်ပညာရေးကဏ္ဍ  တိုးတက်စေရေး တက္ကသိုလ်၊ ကျောင်းများ ဖွင့်လှစ်သင်ကြား လျက်ရှိပါကြောင်း၊ အနာဂတ် လူငယ်များ၏ ပညာရေး၊ လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် စေရေးအတွက် မိမိတို့အားလုံးတွင် တာဝန်အပြည့်အဝရှိသကဲ့သို့ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီး များအနေဖြင့်လည်း တိုင်းပြည် အကျိုးပြု အသိပညာ၊ အတတ်ပညာများနှင့်ပြည့်စုံသော သားကောင်း ရတနာများဖြစ်အောင် လေ့ကျင့်သင်ကြားပေးရန် လိုအပ်ပါကြောင်း၊ မိမိတို့အနေဖြင့် လက်ရှိဖွင့်လှစ် လျက်ရှိသော တက္ကသိုလ်/ဒီဂရီ ကောလိပ်များအပြင် ထပ်မံဖွင့်လှစ်တော့မည့် အခြေခံပညာ ကျောင်းများ အေးချမ်းစွာဖွင့်လှစ် သင်ကြားနိုင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရန်လိုကြောင်း တိုက်တွန်းပြောကြားသည်။

ယင်းနောက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးက တက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင် ‌ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ အေးချမ်းလုံခြုံစွာ သင်ကြားသင်ယူမှုလုပ်ငန်း များဆောင်ရွက်နိုင်ရေး တပ်မတော်မှ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိသည့်အခြေအနေများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာ ကြသည့် ခရိုင် (၄)ခရိုင်အတွင်းရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ် ကြီးများက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းဖွင့်လှစ်၍ သင်ကြားရေးလုပ်ငန်း ဆောင်ရွက် ပေးလျက်ရှိသည့်အခြေအနေများ၊ လိုအပ်ချက်များနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးရန် ကိစ္စရပ်များကို တင်ပြကြရာ တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်ရှင်းလင်း တင်ပြကြသည်။

တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က တက္ကသိုလ်ဒီဂရီကောလိပ်များတွင် သင်ကြားရေး လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး၊ အဆောင်နေကျောင်းသား/ကျောင်းသူများ နေထိုင်စားသောက်မှုအဆင်ပြေစေရေး၊ အေးချမ်းလုံခြုံ ပျော်ရွှင်စွာ သင်ကြားနိုင်ရေး၊ ကျောင်းတွင်း အားကစားပြိုင်ပွဲများ ပြုလုပ်ကျင်းပရေးတို့အတွက် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် နံနက် (၉)နာရီတွင် ပြည်နယ်အားကစားနှင့်ကာယ ပညာဦးစီးဌာန၊ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည် အခြေခံပညာ ကာယပညာနှင့် အားကစားနည်းပြ မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်ပြီး ကျောင်းနေ ကလေးများ ဘက်စုံဖွံ့ဖြိုးရေးနှင့် ကျန်းမာကြံ့ခိုင်ပြီး ပညာရည်မြင့်မားသော လူသားအရင်းမြစ်များ ထွက်လာစေ ရေး ကာယပညာဘာသာရပ်ကို လေ့ကျင့်သင်ကြားပေးခြင်းသည် အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်ပါကြောင်းနှင့် ကာယဆရာ/ ဆရာမများအနေဖြင့် ရှိနေပြီး အရည်အသွေးများအပြင် ယခု သင်တန်းကနေ စနစ်တကျလေ့လာသင်ယူသွားကြကာ ထူးချွန်ထက်မြက်သော အားကစားသမား လူတော်များ ရွေးချယ်မွေးထုတ်နိုင်သည့် နည်းပြဆရာများဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်ကြရန် လိုကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်ပညာရေးမှူးက ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေ ခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံပညာ ကာယပညာနှင့် အားကစားနည်းပြမွမ်းမံ သင်တန်းဖွင့်လှစ်ရသည့်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

အဆိုပါ မွမ်းမံသင်တန်းကို ကာယပညာသင်ရိုးတွင် ပါဝင်သည့် ဘောလုံး၊ ဘော်လီဘော၊ ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်းစသည့် အားကစားနည်း (၇)မျိုးတို့ကို ပြည်နယ်အားကစားနှင့် ကာယ ပညာဦးစီးဌာနမှ သက်ဆိုင်ရာအားကစားနည်းအလိုက် နည်းပြ(၇)တို့က အခြေခံပညာကျောင်းများမှ သင်တန်းသား (၃၉)ဦးတို့အား ၂၆.၅.၂၀၂၂ ရက်နေ့မှ ၂၈.၅.၂၀၂၂ ရက်နေ့အထိ (၃)ရက်ကြာ စာတွေ့/ လက်တွေ့ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။