ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်သည့် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲသို့ တက်ရောက်ဖွင့်လှစ်ပေးပြီး ရိုးရာလက်ဝှေ့ယှဉ်ပြိုင်မှုကို ကြည့်ရှုအားပေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်သည့် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲသို့ တက်ရောက်ဖွင့်လှစ်ပေးပြီး ရိုးရာလက်ဝှေ့ယှဉ်ပြိုင်မှုကို ကြည့်ရှုအားပေး

မြစ်ကြီးနား   ဇွန် ၂၂

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့်   မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ် (အထက် မြန်မာပြည်)မှ ကြီးမှူး၍ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် မြန့်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ ကို ဇွန် ၂၁ ရက် ညနေ ၄ နာရီက မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြန့်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်လူမှု ရေးရာဝန်ကြီး ဦးဝင်းရဲထွန်းနှင့် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်တို့က တာဝန်ရှိ သူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ရိုးရာလက်ဝှေ့ပြိုင်ပွဲ ဒိုင်အဖွဲ့ဝင်များနှင့် ကြီးကြပ်ရေး အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် တွဲဆိုင်းငါးတွဲ၏ အကြိတ်အနယ် ယှဉ်ပြိုင်ထိုးသတ်မှုကို ကြည့်ရှု အားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်တို့က တွဲဆိုင်း အလိုက်ကစားသမားများအား ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က  အာရှနဂါး(ကျားဖြူ) နှင့် အောင်မင်းထွန်း (စိန်နန်းတော်) တွဲဆိုင်းမှ အနိုင်ရသည့် အာရှနဂါး(ကျားဖြူ)အား လည်ဆွဲဆုတံဆပ်၊ ပထမဆုနှင့် ချီးမြှင့်ငွေများကို လည်းကောင်း၊ အောင်မင်းထွန်း(စိန်နန်းတော်)အား ဒုတိယဆုကို ပေးအပ်ချီးမြှင့်ခဲ့သည်။

မြန့်မာ့ရိုးရာလက်ဝှေ့အဖွဲ့ချုပ် (အထက်မြန်မာပြည်) အနေဖြင့် အဆိုပါ ရိုးရာလက်ဝှေ့ပြိုင်ပွဲ အပြင် လက်ရွေးစင်ကစားသမားဟောင်းများ ပါဝင်သည့် သင်တန်းသားများအား ဇွန် (၂၀)ရက်နေ့မှ (၂၃)ရက်နေ့အထိ ရိုးရာလက်ဝှေ့ဒိုင်အဖြစ်သင်တန်းကို မြစ်ကြီးနားမြို့၌ ဖွင့်လှစ်ပို့ချပေးလျက်ရှိပြီး ရိုးရာလက်ဝှေ့ ပြိုင်ပွဲကို ဇွန် ၂၃ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။