ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်းရှိ အိမ်ထောင်စုနှင့်လူဦးရေစာရင်း Data Base ရေးသွင်းခြင်းလုပ်ငန်းစတင်ဆောင်ရွက်နိုင်ရေးဌာနဆိုင်ရာများနှင့်ပေါင်းစပ်ညှိနှိုင်းဆွေးနွေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်းရှိ အိမ်ထောင်စုနှင့်လူဦးရေစာရင်း Data Base ရေးသွင်းခြင်းလုပ်ငန်းစတင်ဆောင်ရွက်နိုင်ရေးဌာနဆိုင်ရာများနှင့်ပေါင်းစပ်ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဇူလိုင် ၁၃

          ကချင်ပြည်နယ်အတွင်းရှိ အိမ်ထောင်စုနှင့်လူဦးရေစာရင်း(ပုံစံ ၆၆/ -၆) ပါအချက်အလက်များ အား Data Base ရေးသွင်းခြင်းလုပ်ငန်း စတင်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဌာနဆိုင်ရာများနှင့် ဇူလိုင် ၁၃ ရက် နံနက် ၁၀ နာရီခွဲတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

          ဆွေးနွေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်အနေဖြင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကျင်းပရာတွင် မဲစာရင်းများ တိကျမှန်ကန်စေရေး၊ နိုင်ငံသားစိစစ်ရေးကတ် ဆောင်ရွက် ရမည့်သူများ စနစ်တကျဆောင်ရွက်ပေးရေးတို့သည် လွန်စွာအရေးကြီးကြောင်း၊ ထို့ကြောင့် ပြည်နယ် သူ ၊ ပြည်နယ်သားများနှင့် မိမိတို့နိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေမည့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အိမ်ထောင်စုနှင့်လူဦးရေစာရင်း (ပုံစံ ၆၆/၆)များ တိုက်ဆိုင်စိစစ် စာရင်းရေးသွင်းခြင်း လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်နိုင်ရေး အားလုံးက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရ မည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက အိမ်ထောင်စုနှင့်လူဦးရေစာရင်း (ပုံစံ ၆၆/၆)ပါအချက်အလက်များ သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် Data Base ရေးသွင်းဆောင်ရွက် သွားမည့် လုပ်ငန်းစဉ်များနှင့် ကွန်ပျူတာလိုအပ်ချက်များ၊ ကူညီဖြည့်ဆည်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က အစည်းအဝေးတက်ရောက်လာကြသည့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ်၊ ကွန်ပျူတာတက္ကသိုလ် ဒုတိယပါမောက္ခချုပ်တို့အား စာရင်းရေးသွင်းခြင်းဆိုင်ရာ လုပ်ငန်းများတွင် ပူးပေါင်းကူညီဆောင်ရွက် နိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကချင်ပြည်နယ်အတွင်းရှိ အရာထမ်း၊ အမှုထမ်းဝန်ထမ်းများ စာရင်းရေးသွင်းခြင်းလုပ်ငန်းဆောင်ရွက် နိုင်ရေး ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ကွန်ပျူတာအလုံး (၈၀)စုံ တပ်ဆင်အသုံးပြုနိုင်ရေး အတွက် လျှပ်စစ်မီးသွယ်တန်းပေးနိုင်ရေး၊ အင်တာနက်တပ်ဆင်နိုင်ရေးစသည့် အုပ်ချုပ်ထောက်ပံ့မှု ဆိုင်ရာကိစ္စရပ်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြည့် ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

          အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများနှင့်အတူ ဇူလိုင် ၁၂ ရက် (ဝါဆိုလပြည့်နေ့) နံနက်ပိုင်းက မြစ်ကြီးနားမြို့၊ အောင်နန်း ရိပ်သာရပ်ကွက်အတွင်း အောင်ချမ်းသာဘုရား၊ မြသိန်းတန်ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည့် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအဖွဲ့၊ အောင်ချမ်းသာအခမဲ့လူမှုကူညီရေးအသင်းဝင်များနှင့်ရပ်ကွက်/ရပ်ကွက်သား များ၏ စုပေါင်းဝါဆို သင်္ကန်းဆက်ကပ်လှူဒါန်းပွဲသို့ တက်ရောက်ခဲ့ကြပြီး မဟာစည်သာသနာ့ရိပ်သာ ဆရာတော်အဂ္ဂမဟာ ကမ္မဌာနစရိယဘဒ္ဒန္တအာဒိစ္စဝံသထံ ဝါဆိုသင်္ကန်းကို ဆက်ကပ်လှူဒါန်းခဲ့ကြ ကြောင်းသိရှိရသည်။