ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်အတွင်း သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးနှိမ်နင်းရေး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများနှင့်အတူ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်အတွင်း သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးနှိမ်နင်းရေး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများနှင့်အတူ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မြစ်ကြီးနား     ဇူလိုင် ၂၈

          မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြို့ပေါ်ရပ်ကွက်များတွင် ပြည်သူများအား တစ်အိမ် တက်ဆင်း ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၂၈ ရက် နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။

          ထိုသို့ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးအတွက် အသိပညာပေးလုပ်ငန်းများ ‌ဆောင်ရွက်ခြင်းကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်ဝန်ကြီးများသည် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါက်တာလှိုင်လှိုင်ဌေး၊ ဒေါက်တာဇော်ရိန် နှင့် ကျန်းမာရေးဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေး အသင်းဝင်များ၊ အရပ်ဖက်လူမှုကူညီရေးအသင်းအဖွဲ့များနှင့်အတူ မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက် အတွင်း တစ်လမ်းဝင်တစ်လမ်းထွက် လူနေအိမ်များ၊ ဈေး၊ ဘုရား‌ကျောင်းကန်များနှင့် မူကြိုကျောင်း များတွင် မိုးရေတင် ကျန်နိုင်သည့် ဘူး၊ ခွက်၊ တာယာအဟောင်းများတွင် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်း များဆောင်ရွက်ခြင်း၊ ရေတွင်း၊ ရေကန်များတွင် အဘိတ်ဆေးခပ်ပေးခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လက်ကမ်းစာစောင်ဖြန့်ဝေ၍ အသိပညာပေးရှင်းလင်းပြောပြခြင်းနှင့် နေအိမ် များတွင် ကလေးငယ်များ ဖျားနာပါက ကျန်းမာရေးဌာနနှင့် ဆက်သွယ်၍ ကုသမှုခံယူနိုင်ရေးအတွက် ဟောပြောအသိပညာပေးခြင်း လုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ကျန်းမာရေးဝန်ထမ်းများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များအတွက် ထောက် ပံ့ချီးမြှင့်ငွေများကို ပေးအပ်ခဲ့ကြသည်။

          ကချင်ပြည်နယ်အတွင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက်အသိပညာပေးလုပ်ငန်းများကို မိုးရာသီမတိုင်မီ မြို့နယ်အလိုက်စီမံချက် များရေးဆွဲဆောင်ရွက်ခဲ့သော်လည်း ယခုလအတွင်း မြစ်ကြီးနားမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက် တစ်ချို့တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုများ ရှိလာခဲ့သဖြင့် ရပ်ကွက်အလိုက် စိစစ်ကွင်းဆင်း ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့ လေဆိပ်သန့်ရှင်းသာယာလှပရေး လေဆိပ်ရှေ့ မလိခပန်းခြံငယ်နှင့် လေဆိပ်ဝင်းအတွင်း စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက ပန်းအလှပင်များ စိုက်ပျိုးပြုပြင်ခြင်း၊ ခြံနွယ်သစ်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများအား တာဝန်ရှိသူများနှင့်အတူ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သန့်ရှင်းသာ ယာလှပရေးအတွက် လုပ်ငန်းလိုအပ်ချက်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။