မြန်မာ-တရုတ်ကုန်စည်စီးဆင်းမှုလုပ်ငန်းများ ပိုမိုလွယ်ကူလျင်မြန်ချောမွေ့စေရေး ကုန်တင်ယာဉ်များနှင့် ကုန်စည်ဖလှယ်ရေးလုပ်ငန်းများ စနစ်တကျစီမံဆောင်ရွက်နိုင်ရေး ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေး

 မြန်မာ-တရုတ်ကုန်စည်စီးဆင်းမှုလုပ်ငန်းများ ပိုမိုလွယ်ကူလျင်မြန်ချောမွေ့စေရေး ကုန်တင်ယာဉ်များနှင့် ကုန်စည်ဖလှယ်ရေးလုပ်ငန်းများ စနစ်တကျစီမံဆောင်ရွက်နိုင်ရေး ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေး

မြစ်ကြီးနား     ဇူလိုင် ၂၈

          ကချင်ပြည်နယ်အတွင်းရှိ ကန်ပိုက်တီနှင့် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ- တရုတ်ကုန်စည်စီးဆင်းမှုလုပ်ငန်းများ ပိုမိုလွယ်ကူမြန်ဆန်စေရေး ကုန်တင်ယာဉ်များနှင့် ကုန်စည် ဖလှယ်ရေးလုပ်ငန်းများ စနစ်တကျစီမံဆောင်ရွက်နိုင်ရေး စသည့်ကိစ္စရပ်များနှင့် ဇူလိုင် ၂၈ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌   ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာန ဆိုင်ရာများ၊ လုပ်ငန်းရှင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

          တွေ့ဆုံဆွေးနွေးရာတွင် မြန်မာ – တရုတ်ကုန်စည်ပြန်လည်စီးဆင်း‌နိုင်ရေး‌ ပြည်နယ်အဆင့် ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက နယ်စပ်ကုန်စည်စီးဆင်းမှုလုပ်ငန်းများ နှင့်ပိုမိုလွယ်ကူလျင်မြန်စေရေးအတွက် ကုန်တင်ယာဉ်များ စနစ်တကျစီမံပြေးဆွဲနိုင်ရေး၊ ကန်ပိုက်တီ နယ်စပ်တွင် ကုန်တင်ကုန်ချ / ကုန်စည်ဖလှယ်ရေးကွင်း ဆောင်ရွက်သွားမည့် အစီအမံများ၊ စိုက်ပျိုး ရေးထုတ်ကုန်သီးနှံများ စနစ်တကျတင်ပို့နိုင်ရေး ကြိုတင်ညှိနှိုင်းဆောင်ရွက်သွားရမည့် ကိစ္စရပ်များ အပေါ် အလေးထား ဆောင်ရွက်သွားရေး တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ကုန်စည်တင်ပို့မှုများ နှင့်စပ်လျဉ်း၍ ဒေသခံမော်တော်ယာဉ်များကို ဦးစားပေးဆောင်ရွက်နိုင်ရေးနှင့်အသင်းအဖွဲ့အသီးသီး နှင့် ညှိနှိုင်းချိတ်ဆက်၍ စနစ်တကျဆောင်ရွက်သွားရေး ဖြည့်စွက်ရှင်းလင်းဆွေးနွေးသည်။

          ထို့နောက် တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန် ရှိသူများ၊ ကန်ပိုက်တီနှင့် လွယ်ဂျယ်နယ်စပ်ဂိတ် တာဝန်ခံများ၊ ကချင်ပြည်နယ်ကုန်သည်ကြီးများ အသင်း၊ ကချင်ပြည်နယ်ကုန်စည်ပို့ဆောင်‌ရေးလုပ်ငန်းရှင်များအသင်း၊ ကချင်ပြည်နယ်သီးနှံစိုက်ပျိုး ထုတ်လုပ်သူများအသင်း တာဝန်ရှိသူများက နယ်စပ်ကုန်စည်တင်ပို့မှုလုပ်ငန်းများနှင့် ပတ်သက်၍ သီးနှံများ တင်ပို့မည့်အချိန်တွင် မော်တော်ယာဉ်များ အဆင်ပြေချောမွေ့စေရေး၊ ကန်ပိုက်တီနယ်စပ် ဂိတ်တွင်သာ မြန်မာ-တရုတ်ကုန်တင်ယာဉ်ကြီးများ ကုန်စည်များဖလှယ်၍ ကားချိန်းတင်ပို့မည့်စနစ် အကောင်အထည်ဖော်ဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ လိုင်စင်ရှိမော်တော်ယာဉ်များဖြင့်သာ စိစစ် တင်ပို့ဆောင်ရွက်သွားမည့် အစီအမံများ၊ ယာဉ်မောင်းနှင့် ယာဉ်နောက်များ ကိုဗစ်ကာကွယ်ဆေး အပြည့်အဝထိုးနှံနိုင်ရေး၊ နယ်စပ်ကုန်စည်တင်ပို့မှုလုပ်ငန်းများနှင့် ပတ်သက်၍ နှစ်နိုင်ငံ တည်ဆဲ ဥပဒေများနှင့်အညီ ညှိနှိုင်းဆောင်ရွက်ပေးရမည့်ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းပေါင်းစပ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

          အလားတူ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေသည် ဇူလိုင် ၂၇ ရက် ညနေပိုင်းက ပြည်နယ်အရည်အသွေးစစ်ဆေးရေးနှင့် လုပ်ငန်းးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့်အတူ မြစ်ကြီး နားမြို့ ခေမာသီရိရပ်ကွက်၊ ခရိုင်ရဲတပ်မှူးရုံးဝင်းအတွင်း တည်ဆောက်လျက်ရှိသော အမှတ်(၁၅) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ ဝန်ထမ်းအိမ်ရာ ၄ ခန်းတွဲ ၄ ထပ် RC အဆောက်အဦသစ် တည်ဆောက်ပြီးစီး မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး တင်ဒါစည်းမျဉ်းစည်းကမ်းများနှင့် အရည်အသွေး ပြည့်မီစွာ ဆောင်ရွက်နိုင်ရေး မှာကြားခဲ့ကြောင်း သိရှိရသည်။