ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဗန်းမော်ခရိုင်အတွင်း ဗန်းမော်၊ မံစီ၊ မိုးမောက် မြို့နယ်များအတွင်းရှိ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်‌ရေးမှူးများ၊ ပညာ‌ရေးဝန်ထမ်းများနှင့် တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဗန်းမော်ခရိုင်အတွင်း ဗန်းမော်၊ မံစီ၊ မိုးမောက် မြို့နယ်များအတွင်းရှိ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်‌ရေးမှူးများ၊ ပညာ‌ရေးဝန်ထမ်းများနှင့် တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်

ဗန်းမော်         ဇူလိုင် ၃၁

          ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဗန်းမော်ခရိုင်အတွင်းရှိ မြို့နယ်များ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပညာသင်ကြားရေးလုပ်ငန်းများ လုပ်ငန်းများ အရှိန်အဟုန်မပျက် အပြည့်အဝ ဆောင်ရွက်နိုင်ရေးအတွက် ဇူလိုင် ၃၀ ရက်က ဗန်းမော်၊ မံစီနှင့် မိုးမောက်မြို့နယ်များအတွင်းရှိ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ပညာရေးဝန်ထမ်းများနှင့် တွေ့ဆုံပွဲကို ကျင်းပပြုလုပ်ခဲ့ကြသည်။

          ရှေးဦးစွာ နံနက် ၇ နာရီက ဗန်းမော်မြို့ ဗလမင်းထင်ဂေါက်ကလပ်တွင် ကျင်းပပြုလုပ်သည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားကာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့နှင့်အတူ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အတွက် စိုက်ပျိုးသွားမည့် ရတနာတန်းဝင်ကျွန်းပင်၊ ခရေ၊ ပိတောက်၊ ရေတမာ၊ ပျဉ်းကတိုးပင် စုစုပေါင်းပျိုးပင် (၃၅၀)ပင်ကို ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများထံ ဖြန့်ဝေပေးအပ်ကြပြီး သတ်မှတ်နေရာ အသီးသီး၌ စုပေါင်းစိုက်ပျိုးပေးခဲ့ကြသည်။

          ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သစ်ပင်စိုက်ပျိုးပွဲတော်တွင် တက် ရောက်စိုက်ပျိုးပေးကြသည့် ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုကူညီရေးအသင်းအဖွဲ့များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မံစီမြို့ မြို့တော်ခန်းမ၌ မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးတိုးတက် ရေးအတွက် အခက်အခဲများကြားမှ ယခုလို တာဝန်ကျရာဒေသတွင် ကြိုးပမ်းတာဝန်ထမ်းဆောင်နေ ကြသည့် ဌာနဆိုင်ရာဝန်ထမ်းများအား ကျေးဇူးတင်ရှိပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင် ရွက်ရာတွင် ပြည်သူများအတွက် အကျိုးရှိထိရောက်သော လုပ်ငန်းများ ဖြစ်စေရေး လုပ်ထုံးလုပ်နည်း များနှင့်အညီ အလေးထားကြိုးစားကြစေလိုကြောင်း၊ ထို့အပြင် အခြေခံပညာကျောင်းများအားလုံး ဖွင့်လှစ်သင်ကြားနိုင်ရေး၊ ကိုဗစ်ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး အဖွဲ့အစည်းအသီးသီး နှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း မှာကြားသည်။

          ဆက်လက်၍ မံစီမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ဖုန်ကန်ဒူဝါခန်းမ၌ မြို့နယ် အတွင်းရှိ ပညာရေးဝန်ထမ်းများနှင့် သွားရောက်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က အခက်အခဲ၊ အကြပ်အတည်းများ ကြုံတွေ့ခဲ့ရသော်လည်း သင်ကြားရေးလုပ်ငန်းကို အရှိန်အဟုန်မပျက်၊ စေတနာ၊ ဝါသနာ၊ အနစ်နာဖြင့် တာဝန် ထမ်းဆောင်ပေးခဲ့ကြသည့် ဆရာ/ ဆရာမများအားလုံးကို ကျေးဇူးတင် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ ဆက်လက်၍လည်း နိုင်ငံ့အနာဂတ်အတွက် ခေါင်းဆောင်ကောင်း များ ပေါ်ထွက်လာရေး သင်ကြားရေးလုပ်ငန်းများကို တညီတစ်ညွတ်တည်း ဝိုင်းဝန်းကြိုးပမ်းကြရန် လိုအပ်ပါကြောင်း တိုက်တွန်းအားပေးပြောကြားပြီး  မြို့နယ်ပညာ‌ရေးမှူးနှင့် ကျောင်းအုပ်ကြီးများ၏ သင်ကြားလုပ်ငန်းများအတွက် အခြေခံအဆောက်အအုံ လိုအပ်ချက်များ၊ သင်ထောက်ကူပစ္စည်း လိုအပ်ချက်များ တင်ပြမှုများအပေါ်  သက်ဆိုင်ရာကဏ္ဍအလိုက် ပြည်နယ်ဝန်ကြီးများနှင့် ပေါင်းစပ် ညှိနှိုင်း၍ ဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီး ပညာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ်(၁၀)သိန်းကို ချီးမြှင့်ပေးအပ်ခဲ့သည်။

          ထို့မှတဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဗန်းမော်မြို့၊ မြို့တော်ခန်းမ၌ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ရပ်ကွက်/ကျေးရွာအုပ်ချုပ် ရေးအဖွဲ့များနှင့် တွေ့ဆုံပွဲပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားကာ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ၏ ဒေသဆိုင်ရာအချက်အလက်များ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်မှု၊ ကိုဗစ် ကာကွယ်ဆေးထိုးနှံပြီးစီးမှုအခြေအနေများနှင့် မြို့နယ်အတွင်း အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင် မှုအခြေအနေများ၊ လိုအပ်ချက်များကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ အတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်းနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ် ၅ သိန်း ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မိုးမောက်မြို့သို့ ဆက်လက်သွား ရောက်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာများ၊ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပြီး မိုးမောက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ ကျန်း မာရေးနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ရေး မှာကြားကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၏ အခက်အခဲလိုအပ်ချက်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ထောက်ပံ့ငွေကျပ် ၁၅ သိန်းကို ထောက်ပံ့ပေးအပ် ခဲ့ကြသည်။

          ထိုနောက် အခြေခံပညာအထက်တန်းကျောင်း (မိုးမောက်)၊ ပညာတံခွန်ခန်းမ၌ ပညာရေး ဝန်ထမ်းများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ ဆရာမများနှင့် တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က အားပေးအမှာစကားပြောကြားကာ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ကြီးများက သင်ကြားရေး ဆိုင်ရာလိုအပ်ချက်များကို တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ပညာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်းနှင့် မြို့နယ်အတွင်း ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စားမေးပွဲတွင် (၅)ဘာသာ ဂုဏ်ထူးရကျောင်းသူတစ်ဦး အတွက် ထောက်ပံ့ငွေကျပ် ၂၅၀၀၀၀ ကို ချီးမြှင့်ပေးအပ်ခဲ့သည်။

          ထိုမှတစ်ဆင့် မိုးမောက်မြို့နယ် (၇)မိုင်အောင်မြေကျေးရွာရှိ ပိုင်ရှင်ဦးအားချွမ်မိသားစု၏ ဘက်စုံမွေးမြူရေးခြံသို့ သွားရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အသားစားဝက် ကောင်များ မွေးမြူထားရှိမှု၊ ငါးမွေးကန်များဖြင့် ငါးခူမွေးမြူထားရှိမှုနှင့် ဒေသကြက်များ မွေးမြူထား ရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က မွေးမြူကဏ္ဍဖွံ့ဖြိုးတိုးတက် ရေး ပုဂ္ဂလိမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများအား အားပေးကူညီနိုင်ရေး လိုအပ်သည်များ မေးမြန်း ဆွေးနွေးခဲ့ပြီး တိရိစ္ဆာန်အထောက်အကူပြုဆေးဝါးများနှင့် ထောက်ပံ့ငွေကျပ် ၂ သိန်းကို ထောက်ပံ့ ပေးအပ်ခဲ့သည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဗန်းမော်မြို့နယ်အတွင်းရှိ စီအင်ကျေးရွာ နှစ်ခြင်း ခရစ်ယာန်ကျမ်းစာသင်တန်းကျောင်း၌ ကျောင်းတာဝန်ခံ ဓမ္မအမှုဆောင်များ၊ ကျောင်းသား/ကျောင်း သူများအား သွားရောက်တွေ့ဆုံအားပေးစကားပြောကြားပြီး ကျောင်းမြေနေရာအတွက် ဂရန်ရရှိရေး၊ ကျောင်းအဝင်လမ်း ခင်းကျင်းပေးနိုင်ရေး၊ လျှပ်စစ်မီးရရှိရေးနှင့် လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိ နှိုင်းဆောင်ရွက်ပေးခဲ့ပြီး ကျမ်းစာကျောင်းအတွက် လှူဒါန်းငွေကျပ် (၅)သိန်းကို ပေးအပ်လှူဒါန်းခဲ့ ကြသည်။

          ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ဗန်းမော်မြို့ မြသီတာဧည့်ရိပ်သာ အစည်းအဝေး ခန်းမ၌ ဗန်းမော်ခရိုင်ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး ခရိုင်အတွင်းရှိ ပြည်သူများ အေးချမ်းတည်ငြိမ်စွာ နေထိုင်နိုင်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသခံပြည်သူများ နစ်နာမှုမရှိစေ ရေး ကူညီဆောင်ရွက်ပေးနေမှု အခြေအနေများ၊ အခြေခံပညာကျောင်းများ အေးငြိမ်းတည်ငြိမ်စွာ သင်ကြားသင်ယူနိုင်ရေး၊ ကိုဗစ် ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ကူညီနိုင်ရေး စသည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ ထောက်ပံ့ငွေကျပ် ၅ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရှိရသည်။