ကချင်ပြည်နယ်ဝန်ကြီးချုပ် မြန်မာ-တရုတ်ကုန်စည်စီးဆင်းရာတွင် လွယ်ကူလျင်မြန်စေရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် ညှိနှိုင်းဆွေးနွေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် မြန်မာ-တရုတ်ကုန်စည်စီးဆင်းရာတွင် လွယ်ကူလျင်မြန်စေရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     အောက်တိုဘာ ၁၉

          ကချင်ပြည်နယ်အတွင်း ကန်ပိုက်တီနယ်စပ်ဂိတ်နှင့် လွယ်ဂျယ်နယ်စပ်ဂိတ်များမှ တစ်ဆင့် မြန်မာ-တရုတ်ကုန်စည်စီးဆင်းရာတွင် လွယ်ကူလျင်မြန်ပြီး ပုံမှန်ပြန်လည်စီးဆင်းနိုင်ရေး လုပ်ငန်း ကော်မတီအဖွဲ့ဝင်များ၏ ညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၁၉ ရက် မွန်းလွဲ ၂နာရီက ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

          လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကချင်ပြည်နယ် မြန်မာ-တရုတ်ကုန်စည်ပြန်လည်စီးဆင်း နိုင်ရေးလုပ်ငန်းကော်မတီနာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နယ်စပ်ဂိတ်များမှ တစ်ဆင့် တစ်ဖက်တရုတ်နိုင်ငံသို့ ကုန်စည်များ၊ စိုက်ပျိုးရေးထုတ်ကုန် တစ်သျှူးငှက်ပျောနှင့် အခြားသီးနှံများ တင်/ပို့ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုန်စည်တင်ပို့မည့် မော်တော်ယာဉ်များ အား စနစ်တကျစိစစ်ဆောင်ရွက်သွားရေး၊ ဒေသခံလုပ်ငန်းရှင်များ နစ်နာမှုမရှိစေရေး၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းများနှင့်အညီ စည်းကမ်းတကျ လိုက်နာဆောင်ရွက်ရေး၊ ကြိုတင် ပြင်ဆင် ညှိနှိုင်းဆောင်ရွက်ရမည့် ကိစ္စရပ်များအပေါ် ဝိုင်းဝန်းဖြေရှင်း ဆောင်ရွက်ကြရေး တိုက်တွန်း မှာကြားသည်။

          ထို့နောက် ပြည်နယ်လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက နှစ် နိုင်ငံကုန်စည်တင်ပို့မှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြခဲ့ပြီး လုပ်ငန်း ကော်မတီဝင် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်နယ်ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း ရှင်များအသင်း၊ ပြည်နယ်သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်းနှင့် ကချင်တိုင်းရင်းသားစီးပွားရေး လုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများက နှစ်နိုင်ငံကုန်စည်စီးဆင်းရာတွင် သီးနှံတင်ပို့မှုများနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆောင်ရွက်ခဲ့မှုများ၊ မော်‌တော်ယာဉ်များ တစ်နေရာထဲတွင် စနစ်တကျ စိစစ်နိုင်ရေး စီမံဆောင်ရွက်သွားမည့် အစီအမံများနှင့် တစ်သျှူးငှက်ပျောအပြင် တခြားသီးနှံထုတ်ကုန်များကို နယ်စပ်ဂိတ်များ တစ်ဆင့် တင်/ပို့ဆောင်ရွက်ရာတွင် ကိုဗစ်စည်းကမ်းချက်များနှင့်အညီ စစ်ဆေး ဆောင်ရွက်သွားမည့်အစီအစဉ်များ၊ ယခင်နှစ်များမှ တွေ့ကြုံခဲ့ရသည့် အခက်အခဲများ၊ လိုအပ်ချက် များအပေါ် သုံးသပ်ဆွေးနွေးတင်ပြကြပြီး နှစ်နိုင်ငံညှိနှိုင်း ပေါင်းစပ်ပေးရမည့်ကိစ္စရပ်များကို ဆွေးနွေး တင်ပြခဲ့ကြသည်။

          တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က နှစ်နိုင်ငံကုန်စည်စီးဆင်းရာတွင် မျှမျှ တတဖြင့် တည်ဆဲဥပဒေများကို လေးစားလိုက်နာပြီး ကိုဗစ်စည်းကမ်းများနှင့်အညီ ဆောင်ရွက်နိုင် ရေး၊ မော်တော်ယာဉ်များ စနစ်တကျဖြင့် စိစစ်သွားရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်း သိရှိရသည်။