ကချင်ပြည်နယ်ဝန်ကြီးချုပ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်များနှင့် အောင်ပွဲရ ပြည်နယ်လက်ရွေးစင်ဝူရှူးအသင်းတို့အား ဂုဏ်ပြုချီးမြှင့်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်များနှင့် အောင်ပွဲရ ပြည်နယ်လက်ရွေးစင်ဝူရှူးအသင်းတို့အား ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား     အောက်တိုဘာ ၂၉

          ကချင်ပြည်နယ်အစိုးရအဖွဲ့မှ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ကချင်ပြည်နယ်မှ ဆုတံဆိပ်များ ဆွတ်ခူးရရှိခဲ့သော ပြိုင်ပွဲဝင်များနှင့် ၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝူရှူးအားကစားပြိုင်ပွဲတွင် အောင်ပွဲရ ပြည်နယ်လက်ရွေးစင်ဝူရှူး အသင်းတို့အား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၂၈ ရက် ညနေ ၅ နာရီတွင် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။

          ဂုဏ်ပြုချီးမြှင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယခုလို ကချင်ပြည်နယ်၏ ဂုဏ် ကို အနုပညာနှင့် အားကစားတို့ဖြင့် မြှင့်တင်ပေးခဲ့ကြသူများအားလုံး၏ စွမ်းဆောင်နိုင်မှုများကို မိမိတို့ အစိုးရအဖွဲ့အနေဖြင့် မှတ်တမ်းတင်ဂုဏ်ယူသလို ယခုရရှိထားသည့် အောင်မြင်မှုများတွင် ရပ်တန့် မနေဘဲ နောင်လာမည့် ပြိုင်ပွဲများတွင်လည်း ယခုထက်ပိုမို အောင်မြင်အောင် စွမ်းဆောင်ပြီး ပြည်နယ်၏ ဂုဏ်ကို ဆထက်တိုး၍ မြှင့်တင်နိုင်ကြပါစေကြောင်းနှင့် မရရှိသေးသည့် အောင်မြင်မှုများ ကို ရရှိအောင် ကြိုးစားကြရမည်ဖြစ်သလို ရရှိပြီးသည့် အောင်မြင်မှုများကိုလည်း တည်တံ့အောင် ထိန်းသိမ်းရခြင်းက ပိုခက်ခဲသည့်အတွက် စဉ်ဆက်မပြတ်ကြိုးစားလေ့ကျင့်သွားကြရန်နှင့် အားနည်း ချက်၊ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး စိစစ်ဖော်ထုတ်ပြီး လက်တွေ့ကျကျကြိုးစား ကြရန် လိုအပ်ပါကြောင်း ဂုဏ်ပြုပြောကြားသည်။

          ထို့နောက် အောင်ပွဲရ ကချင်ပြည်နယ်ဝူရှူးအသင်းမှ နည်းပြချုပ်က ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့်အတွေ့အကြုံများကိုရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်လူမှုရေးရာ ဝန်ကြီးတို့က ၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝူရှူးအားကစားပြိုင်ပွဲတွင် ရွှေ(၄)ခု၊ ငွေ(၄)ခု၊ ကြေး (၅)ခု ရရှိခဲ့သော ပြည်နယ်လက်ရွေးစင်ဝူရှူးအသင်းအတွက် ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနတို့မှ ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၂၆ သိန်းစီဖြင့် စုစုပေါင်း ငွေကျပ် ၅၂ သိန်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ဆပ်ကော်မတီ နာယက ပြည်နယ်ဝန်ကြီး ချုပ်၏ဇနီးက ၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်) နည်းပြနှင့် ဒိုင်သင်တန်းတွင် မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် နည်းပြအဖြစ် ရွေးချယ်ခြင်း ခံခဲ့ရသော လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဘက်တီဆိုင်းဆန့်နှင့်  ဒိုင်အသိအမှတ်ပြုလက်မှတ်နှင့် ထူးချွန်တတိယဆုရ ဒေါ်အောင်းဘူတို့အား ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့သည်။

          ယင်းနောက် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဘာသာရပ်အလိုက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့မှုအခြေအနေများကို အုပ်ချုပ်သူတစ်ဦးက ရှင်းလင်းတင်ပြ ပြီးပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က နိုင်ငံတော်အဆင့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် စန္ဒယားတီးပြိုင်ပွဲ (အဆင့်မြင့်ပညာအဆင့်)တွင် ပထမဆုနှင့် အခြေခံပညာအဆင့်တွင် တတိယဆု ရရှိသူများနှင့် အကပြိုင်ပွဲတွင် ဒုတိယဆု၊ တယောပြိုင်ပွဲတွင် ဒုတိယဆုနှင့် တတိယဆုရရှိသူများ၊ မွန်တိုင်းရင်းသားရိုးရာအက တတိယဆု၊ ကဗျာလွတ်အကပြိုင်ပွဲ တတိယဆု၊ မဟာဂီတပြိုင်ပွဲနှင့် ဒိုးပတ်တီးပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသူများနှင့် လာချိဒ်တိုင်းရင်းသားအကအဖွဲ့တို့အား ဂုဏ်ပြုချီးမြှင့် ငွေများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး  ပြိုင်ပွဲများ၊ အားကစား သမားများ၊ တက်ရောက်လာကြသူများနှင့်အတူ ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ခဲ့ကြကြောင်း သိရှိရသည်။