ကချင်ပြည်နယ်ဝန်ကြီးချုပ် တိုင်းရင်းသားဘာသာစကားသင် ဆရာ/ဆရာမများအတွက် အရည်အသွေးမြှင့်အထောက်အကူပြုဆွေးနွေးပွဲသို့ တက်ရောက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် တိုင်းရင်းသားဘာသာစကားသင် ဆရာ/ဆရာမများအတွက် အရည်အသွေးမြှင့်အထောက်အကူပြုဆွေးနွေးပွဲသို့ တက်ရောက်

မြစ်ကြီးနား     နိုဝင်ဘာ ၉

          ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများအတွက် အရည် အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲ သင်တန်းဖွင့်ပွဲကို နိုဝင်ဘာ ၉ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ ပညာရေးဒီဂရီကောလိပ်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။

          သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ပညာရေးသည် လူသားတိုင်းအတွက် လိုအပ် သည့် အရာတစ်ခုဖြစ်သလို လူသားမျိုးနွယ်အတွက် အဓိကကျသော အရာတစ်ခုလည်း ဖြစ်ပါ ကြောင်း၊ ထို့အတူ လူသားမျိုးနွယ်တစ်ခုချင်းစီ၏ မိခင်ဘာသာစကားသည် အင်မတန်မှ အရေးကြီး သလို မိခင်စာပေကိုလည်း ကျွမ်းကျင်စွာ ရေးတတ်ဖတ်တတ်အောင် လေ့ကျင့်သင်ကြားပေးရမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ တိုင်းရင်းသားဘာသာသင် ဆရာ၊ ဆရာမများအနေဖြင့် ဒေသတွင်း ကလေးငယ်များ၏ မိခင်ဘာသာစကားနှင့် စာပေကို စနစ်တကျသင်ကြားနိုင်ရေးအတွက် ဆရာ အတတ်ပညာနှင့်ဆိုင်သည့် ဗဟုသုတများကို လေ့လာကြရန်နှင့် မိမိတို့၏ တာဝန်ကြီးမားမှုကို များစွာ ဂုဏ်ယူရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် မြစ်ကြီးနားပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးဒေါ်ဥမ္မာမြင့်က တိုင်းရင်းသား ဘာသာသင်ဆရာ၊ဆရာမများအတွက် ပထမဆုံးဖွင့်လှစ်သည့် သင်တန်းဖြစ်သည့်အတွက် ဆွေးနွေးပွဲ သင်တန်းတွင်သင်ကြားသွားမည့်ဆရာအတတ်ပညာများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ပြည်နယ် ဝန်ကြီးချုပ်က တိုင်းရင်းသားဘာသာသင် ဆရာ၊ဆရာများ စွမ်းရည်မြှင့်အထောက်အကူပြု ဆွေးနွေးပွဲ အတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်းကို ကျောင်းအုပ်ဆရာမကြီးထံ ပေးအပ်ခဲ့ပြီး နည်းပြဆရာ၊ ဆရာမများနှင့် သင်တန်းသားဆရာ/ဆရာမများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ကြသည်။

          အဆိုပါ သင်တန်းကို ကချင်ပြည်နယ်အတွင်း တိုင်းရင်းသားဘာသာစကားသင်ကြားရန် ခန့်အပ်ထားသည့် ဂျိန်းဖော့ ၁၄ ဦး၊ လော်ဝေါ် ၈ ဦး၊ လာချိဒ် ၁၂ ဦး၊ လီဆူ ၁၆ ဦး၊ တိုင်းလိုင် ၄၀ ဦး၊ တိုင်းလေ ၃ ဦး၊ တိုင်းခမ်းတီ ၅ ဦး၊ တိုင်းလုံ ၂ ဦး စုစုပေါင်း ဆရာ၊ ဆရာမ(၁၀၀)ဦးအတွက် ပထမဆုံးအကြိမ် ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး သင်တန်းကာလ ရက်ပေါင်း ၂၀ ကျော်အတွင်း ဆရာ၊ ဆရာမများ၏ သင်ကြားရေးလုပ်ငန်းနှင့် စပ်လျဉ်း၍ သိသင့်သိထိုက်သည့် ဆရာအတတ်ပညာများ၊ ပြည်ထောင်စုစိတ်ဓာတ်၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ နိုင်ငံဝန်ထမ်းကျင့်ဝတ်ဆိုင်ရာများကို သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။