ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ ဧက ၁၀၀ စံပြစိုက်ကွက်အတွင်း နွေ၊ မိုး၊ ဆောင်း သီး (၃) သီးစနစ်ဖြင့် ပညာပေးစိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်နေမှု၊ နေကြာသီးနှံစိုက်ပျိုးထားရှိမှု နှင့် အင်ဂျန်ခချောင်း ပြန်လည်တူးဖော်ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ ဧက ၁၀၀ စံပြစိုက်ကွက်အတွင်း နွေ၊ မိုး၊ ဆောင်း သီး (၃) သီးစနစ်ဖြင့် ပညာပေးစိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်နေမှု၊ နေကြာသီးနှံစိုက်ပျိုးထားရှိမှု နှင့် အင်ဂျန်ခချောင်း ပြန်လည်တူးဖော်ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား     ဇန်နဝါရီ ၁၈

          ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူ အကျိုးတူပူးပေါင်းဆောင်ရွက်သည့် ဧက ၁၀၀ စံပြစိုက်ကွက်အတွင်း ပြည်နယ်အတွင်း စိုက်ပျိုးရေး အသိပညာပေး စံပြစိုက်ကွင်းတစ်ခု တစ်နှစ်ပတ်လုံး သီး(၃)သီးစိုက်ပျိုးနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁၇ ရက် ညနေ ၃ နာရီက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဧက ၁၀၀ စံပြစိုက်ကွက်အတွင်း ဖြတ်သန်း စီးဆင်းသည့် အင်ဂျန်းခချောင်းရေကြီးရေလျှံမှုကြောင့် သီးနှံဆုံးရှုံးမှုမှ ကာကွယ်နိုင်ရေး ပြည်နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ရေနှုတ်မြောင်းအဖြစ် အရှည်ပေ (၁၀၀၀၀) ကျော်အား အနက် ၅ ပေ ပြန်လည်တူးဖော်ခြင်းလုပ်ငန်း၊ ပေ(၇၀) အရှည်ကျောက်စီခြင်းလုပ်ငန်း၊ တာဘောင်ဖို့ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို စီတာပူရပ်ကွက်အတွင်း ဂျပန်လမ်းမှ တစ်ဆင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ထို့မှတစ်ဆင့် ပြည်ထောင်စုလမ်းမကြီးဘေး မန်ခိန်ရပ်ကွက်အတွင်း ဧက ၁၀၀ စံပြစိုက်ကွက် အတွင်း စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်းသီးနှံ ဆင်းရွှေကြာ-၂ မျိုးသန့် နေကြာပင်များ ဧက (၃၄)ဧက စိုက်ပျိုးဆောင်ရွက်ထားရှိမှုကို ဒေသခံတောင်သူများနှင့်အတူ လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စံပြစိုက် ကွက်အတွင်း မိုးစပါးအပါအဝင် ဒုတိယသီးနှံအဖြစ် ဆီထွက်သီးနှံနေကြာ/ပဲပုတ်နှင့် တတိယသီးနှံ အဖြစ် ဟင်းသီးဟင်းရွက်စိုက်ခင်းများဖြင့် တစ်နှစ်ပတ်လုံး နွေ၊ မိုး၊ ဆောင်း သီး(၃)သီးပုံစံဖြင့် တောင်သူပညာပေး စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်ထားရှိမှုများအပေါ် တာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထို့အပြင် ဧက ၁၀၀ စံပြစိုက်ကွက်အတွင်း  အင်ဂျန်းခချောင်း ပြန်လည်တူးဖော်ထားရှိမှု၊ စိုက်ကွက်များအတွင်း လက်တံမြောင်းများ ပြန်လည်တူးဖော်နိုင်ပေးနိုင်ရေး၊ အင်ဂျန်းခချောင်းတစ် လျှောက် ဘေးဝဲ/ယာ လျှောက်လမ်းနှင့် အလှပန်းပင်များ စိုက်ပျိုးဆောင်ရွက်သွားနိုင်ရေး၊ နွေရာသီ စိုက်ပျိုးရေလုံလောက်မှုရှိစေရေးအတွက် စက်ရေတွင်း ၉ တွင်းနှင့် ဆိုလာစနစ်ဖြင့် ရေတွင်း ၁ တွင်း တူးဖော်ဆောင်ရွက်ပေးထားမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်က ပြည်နယ်အတွင်း တစ်နှစ်ပတ်လုံး သီးထပ်သီးနှံများဖြင့် သန့်ရှင်းသာယာလှပသည့် တောင်သူပညာပေး စံပြစိုက်ကွက်တစ်ခုဖြစ်ပေါ်လာစေရေး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်  ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့ ကမ်းနားလမ်းပေါ်ရှိ ပြည်နယ် အစိုးရအဖွဲ့၏ အရေးကြီးပုဂ္ဂိုလ်နှင့် ပြည်ထောင်စုအဆင့် တည်းခိုနိုင်မည့် ဧရာဝတီဧည့်ရိပ်သာအား ဖွင့်လှစ်တည်းခိုနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အရေးကြီးပုဂ္ဂိုလ်အိပ်ဆောင်အတွင်း ပြုပြင်ဆောင်ရွက်ထားရှိမှုများ၊ အဆောက်အအုံအတွင်းရှိ ဧည့်တွေ့ခန်းမ၊ စားသောက်ခန်း၊ လုံခြုံရေးစနစ်များ တပ်ဆင်ထားရှိမှု၊ ရုံးခန်းများဖြင့် ဖွဲ့စည်းထားရှိမှု၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များအတွက် အိပ်ခန်းများပြင်ဆင်ဆောင် ရွက်ထားရှိမှု၊ အစည်းအဝေးခန်းမတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များ ပြင်ဆင်ဖြည့်စွက် ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။