ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝိုင်းမော်မြို့နယ်အတွင်း စားရေရိက္ခာဖူလုံမှုရှိစေရေး မိုးစပါးစံပြစိုက်ကွင်းများအား ကွင်းဆင်းစစ်ဆေး၊ ပြည်နယ်၏ အားကစားအဆင့် အတန်းတိုးတက်မြှင့်မားရေးအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝိုင်းမော်မြို့နယ်အတွင်း စားရေရိက္ခာဖူလုံမှုရှိစေရေး မိုးစပါးစံပြစိုက်ကွင်းများအား ကွင်းဆင်းစစ်ဆေး၊ ပြည်နယ်၏ အားကစားအဆင့် အတန်းတိုးတက်မြှင့်မားရေးအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     သြဂုတ် ၂၉

          ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းစားရေရိက္ခာဖူလုံစေရေး၊ လယ်ယာမြေ များအားလုံး စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ သြဂုတ် ၂၈ ရက် ညနေ ၃ နာရီခွဲက ဝိုင်းမော်မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ကွင်းများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ဝိုင်းမော်မြို့နယ် မဒိန်ကျေးရွာအတွင်း ပြည်နယ်ရန်ပုံငွေဖြင့် အဆင့်မြှင့်တင်ဖော်ထုတ်ပေးခဲ့သော စနစ်ကျစက်မှုလယ်ယာ ဧက ၁၀၀ စိုက် ကွင်းသို့ သွားရောက်ပြီး ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ စိုက်ကွင်းအတွင်း မှော်ဘီ-၂ စပါး၊ ဆင်းဧကရီ-၃ မျိုးစပါး၊ ငွေတိုးမျိုးစပါးခင်းများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှု အခြေအနေများ၊ အချိန်နှင့်တစ်ပြေးညီ မြေသြဇာကြဲပက်ပေးနိုင်ရေး၊ စိုက်ကွင်းအတွင်း ရေသွင်းမြောင်းများ၊ လမ်း ကျော်ရေမြောင်းများ စနစ်တကျဆောင်ရွက်ပေးနိုင်ရေးနှင့် မိုးစပါးအပြီး သီးထပ်စိုက်ပျိုးနိုင်ရေး ကြိုတင် စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဆောင်ရွက်ပေး ခဲ့သည်။

          ယင်းနောက် ဝိုင်းမော်မြို့နယ် မုတ်လွှဲကွင်းအတွင်း မှော်ဘီ-၂ စီးပွားဖြစ်မျိုးစေ့မျိုးထုတ်လုပ် ခြင်းစံပြကွက် စိုက်ပျိုးထားရှိမှု၊ ကွင်းပြည့်မိုးစပါးစိုက်ပျိုးဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ခါးရှိကျေးရွာအတွင်း ပြည်နယ်အစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေး မတည် ရန်ပုံငွေဖြင့် သမဝါယမအစုအဖွဲ့ပိုင် ပေါင်ကမ်လားသဘာဝမြေသြဇာထုတ်လုပ်ခြင်းလုပ်ငန်းဆောင် ရွက်နေမှုအခြေအနေများ၊ မိုးစပါးကွင်းများသို့ ရောင်းချပေးနိုင်မှု အခြေအနေများကို တာဝန်ရှိသူအား မေးမြန်းဆွေးနွေးကာ လိုအပ်သည်များကို ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ဗလမင်းထင် ဧက ၁၀၀ တင်း ၁၀၀ စံပြစိုက်ကွင်းအတွင်း မိုးစပါးစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများနှင့် အဆိုပါ စိုက်ကွင်းအတွင်းရှိ အင်ဂျန်းခချောင်း(ပင်မမြောင်း)အတွင်း တောင်သူများအကျိုးဖြစ်ထွန်း စေရေး စိုက်ထည့်ပေးခဲ့သော ငါးသားပေါက်ကောင် နှစ်သိန်းအတွက် ငါးအစာထောင့်များ ကျွေးမွေး ပေးခဲ့ကြသည်။

          ထို့အပြင်ပြည်နယ်ဝန်ကြီးချုပ်သည် သြဂုတ် ၂၉ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကချင်ပြည်နယ််၏ အားကစားအဆင့်အတန်းတိုးတက်မြင့်မာရေးအတွက် ပြည်နယ် အားကစားမြှင့်တင်ရေးကော်မတီ ဖွဲ့စည်းနိုင်ရေး ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်သည်။

          အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်၏ အားကစား အဆင့်အတန်းသည် ယခင်နှစ်က အားကစားနည်းပေါင်းစုံတွင် တံခွန်စိုက်ဆု (၆)ခုဆွတ်ခူးရရှိခဲ့သည့် အပြင် အားကစားပြိုင်ပွဲများအားလုံးနီးပါးတွင် ဆုတံဆိပ်များကိုလည်း ဆွတ်ခူးရရှိခဲ့ပါကြောင်း၊ ယနေ့ ပြည်နယ်၏ အားကစားကဏ္ဍမြှင့်တင်ရေးကော်မတီကို ဖွဲ့စည်းပြီး မျိုးဆက်သစ်များ စဉ်ဆက်မပြတ် မွေးထုတ်နိုင်ရေးနှင့် လုပ်ဆောင်ရမည့်ကိစ္စရပ်များကို အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်နိုင်ရေး ဆွေးနွေးဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ သို့မှသာ ပြည်နယ်၏ အားကစားတိုးတက်မြှင့်မားပြီး ဂုဏ် သိက္ခာရှိရှိရပ်တည်နိုင်ရေး ဘက်စုံထောင်စုံမှ ဝိုင်းဝန်းအကြံပြုဆွေးနွေးကြရန်လိုကြောင်း တိုက်တွန်း မှာကြားသည်။

          ဆက်လက်၍ ပြည်နယ်လူမှုရေးရာဝန်ကြီးက ပြည်နယ်၏ အားကစားကဏ္ဍတိုးတက်မြှင့်မား ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့မှုအခြေအနေများ၊ ဆက်လက်ပေါင်းစပ်ဆောင်ရွက်သွားမည့်ကိစ္စ ရပ်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက အားကစားကဏ္ဍတိုးတက်မြှင့်မားရေး ကော်မတီဖွဲ့စည်းထားရှိမှု အခြေအနေများ၊ ခရိုင်/ မြို့နယ် ကော်မတီများ ထပ်မံဖွဲ့စည်းသွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက အားကစားမြှင့်တင် ရေးအတွက် ဆောင်ရွက်သွားရမည့် အစီအစဉ်များနှင့် လိုအပ်သည်များကို ဖြည့်စွက်အကြံပြုဆွေးနွေး တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။