ကချင်ပြည်နယ်ဝန်ကြီးချုပ်က တစ်ဧကတင်း(၁၀၀)ထွက်ရှိရေး ဧက(၁၀၀)မိုးစပါး စံပြစိုက်ကွက် အတွင်း သဘာဝမြေသြဇာနှင့်ဓာတ်မြေသြဇာရောစပ်ကျဲပက်ခြင်းအခမ်းအနားသို့ တက်ရောက် အားပေးပြီး ပြည်နယ်အတွင်း အများပိုင်ဘိလပ်မြေစက်ရုံတည်ဆောက်နိုင်ရေး ညှိနှိုင်းဆွေးနွေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ်က တစ်ဧကတင်း(၁၀၀)ထွက်ရှိရေး ဧက(၁၀၀)မိုးစပါး စံပြစိုက်ကွက် အတွင်း သဘာဝမြေသြဇာနှင့်ဓာတ်မြေသြဇာရောစပ်ကျဲပက်ခြင်းအခမ်းအနားသို့ တက်ရောက် အားပေးပြီး ပြည်နယ်အတွင်း အများပိုင်ဘိလပ်မြေစက်ရုံတည်ဆောက်နိုင်ရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     စက်တင်ဘာ ၂၃

          ကချင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၏ တစ်ဧကတင်း(၁၀၀)ထွက်ရှိရေး ဧက (၁၀၀)မိုး စပါးစံပြစိုက်ကွက်အတွင်း သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာရောစပ်ကျဲပက်ခြင်းအခမ်းအနား ကို စက်တင်ဘာ ၂၃ ရက် နံနက် ၈ နာရီတွင် မန်ခိန်ရပ်ကွက်ရှိ ကွင်းအမှတ် (၃) ဧက (၁၀၀)စံပြ စိုက်ကွက်တွင် ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်အားပေးကြသည်။

          တစ်ဧကတင်း(၁၀၀)ထွက်ရှိရေး ဧက (၁၀၀)ဆင်းဧကရီ-၃ မိုးစပါး စံပြစိုက်ကွက်အတွင်း စိုက်ပျိုးလုပ်ကိုင်နေကြသည့် တောင်သူ ၄၀ ဦးတို့အတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဓာတ်မြေသြဇာအိတ်များ ဖြန့်ဝေပေးအပ်ခဲ့ပြီး တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေးကာ တောင်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ရွှေခရု/ငါးအမိုင်နိုအက်ဆစ် အပင်အားတိုးဆေးရည် ဖျော်စပ်အသုံးပြုနည်းများ ကို တောင်သူများထံအသိပညာပေး ဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်၍ ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဌေးလွင်နှင့် တာဝန်ရှိသူများက ရှင်းလင်းပြသခဲ့ကြပြီး စံပြစိုက်ကွက်အတွင်း ဆင်းဧကရီ-၃ မိုးစပါးများ တစ်ဧကတင်း (၁၀၀)ထွက်ရှိရေး စိုက်ပျိုးနည်း စနစ်ကျစီမံစိုက်ပျိုးနေမှုအခြေအနေများနှင့် စပါးသက်တမ်းအလိုက် ဓာတ်မြေသြဇာကျဲပက်ထည့် သွင်းမှုအခြေအနေများနှင့် ပတ်သက်၍ တာဝန်ရှိသူများ၏ လိုက်လံရှင်းလင်းတင်ပြမှုများကို လှည့် လည်ကြည့်ရှုစစ်ဆေးခဲ့ကြကာ စပါးခင်းအတွင်း တောင်သူများက ဓာတ်မြေသြဇာနှင့် သဘာဝမြေ သြဇာ (၁ အချိုး ၃) ရောစပ် ကျဲပက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေး ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခ ခန်းမ၌ ကချင်ပြည်နယ်အတွင်း စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အများပိုင် ဘိလပ်မြေစက်ရုံတည်ထောင်ရေး ကချင်ပြည်နယ်နှင့် ပြည်နယ်ပြင်ပရောက် ဒေသခံစီးပွားရေး လုပ်ငန်းရှင်များနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

          လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံတော်၏ စီးပွားရေးနှင့် ပတ်သက်သည့် ဦးတည်ချက် (၉)ရပ်တွင် စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒ (၃)ရပ်ချမှတ်ဆောင်ရွက်ထားရှိပါကြောင်း၊ နိုင်ငံတော်အကြီးအကဲအနေဖြင့် တိုင်းနှင့် ပြည် နယ်၊ မြို့ပြနှင့် ကျေးလက်ကွာဟမှု လျော့ချရေးကို အလေးထားဆောင်ရွက်ကြရန် မှာကြားထားပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်နယ်၏ တည်ဆောက်ရေးလုပ်ငန်းများအပြင် ပြည်နယ်ဖွံ့ဖြိုးတိုး တက်ရေး အခြေခံလိုအပ်ချက်များအတွက်  ဝယ်ယူတင်သွင်းနေရသည့် ဘိလပ်မြေကို ပြည်နယ် အတွင်း၌သာ ဘိလပ်မြေစက်ရုံ တည်ထောင်ထုတ်လုပ်နိုင်လိုအပ်ပါကြောင်း၊ ပြည်နယ်အတွင်းနှင့် ပြည်တွင်း၊ ပြည်ပတွင် ရောက်ရှိနေကြသည့် ဒေသခံစီးပွားရေးသမားများ၊ ဌာနဆိုင်ရာများအနေ ဖြင့် အများပိုင်ဘိလပ်မြေစက်ရုံ အကောင်အထည်ဖော်တည်ဆောက်နိုင်ရေးအတွက် ဝိုင်းဝန်း ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်ကြရေး တိုက်တွန်းမှာကြားသည်။

          ယင်းနောက် ပြည်နယ်အတွင်း အများပိုင်ဘိလပ်မြေစက်ရုံ အကောင်အထည်ဖော်တည် ဆောက်ရေးနှင့် ပတ်သက်၍ အသေးစိတ်လေ့လာ ဆန်းစစ်ခဲ့မှုအခြေအနေများ၊ ဘိလပ်မြေထုတ် လုပ်ရာတွင် အသုံးပြုသည့် ကုန်ကြမ်းပစ္စည်းများ၊ လောင်စာပစ္စည်းများ ရရှိနိုင်မှုနှင့် ထုတ်လုပ်နိုင်မှု အခြေအနေများ၊ ထွက်ရှိသည့် ဘိလပ်မြေများကို ဈေးကွက်အတွင်း ဖြန့်ဖြူးတင်ပို့ဆောင်ရွက်သွား မည့် လုပ်ငန်းစီမံကိန်းများနှင့်  စက်ရုံဖြစ်မြောက်ရေး အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် လုပ်ငန်းများအပေါ် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်းရှင်များနှင့် ရင်းနှီးပွင့်လင်းစွာ အကြုံပြုသုံးသပ်ဆွေးနွေးခဲ့ကြသည်။

          တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဘိလပ်မြေစက်ရုံဖြစ်မြောက်ရေး ပြည်နယ်အတွင်းမှ ဒေသခံစီးပွားရေးလုပ်ငန်းအသီးသီးမှ တာဝန်ရှိသူများပါဝင်သည့် အများပိုင် ဘိလပ်မြေစက်ရုံဖြစ်မြောက်ရေးကော်မတီဖွဲ့စည်းနိုင်ရေးနှင့် ပြည်နယ်ဖွံ့ဖြိုးရေးအတွက် အဓိက ကျသည့် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းဖြစ်သည့်အတွက် တိကျခိုင်မာသည့် လုပ်ငန်းမူဘောင်များ ချမှတ်ဆောင်ရွက်နိုင်ရေးနှင့် ဘိလပ်မြေစက်ရုံအမြန်ဆုံးအကောင်အထည်ဖော်နိုင်ရေး အချင်းချင်း စဉ်ဆက်မပြတ်တွေ့ဆုံ၍ ပေါင်းစပ်ညှိနှိုင်းသွားရေးတို့ကို  ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။