မြစ်ကြီးနား အောက်တိုဘာ ၂
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ (၇)ရက်နေ့မှ (၁၁)ရက်နေ့အထိ နေပြည်တော်တွင် ကျင်းပပြုလုပ်သွားမည့် (၂၆)ကြိမ်မြောက် မြန်မာ့ရိုရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး စခန်းသွင်းလေ့ကျင့်ပြင်ဆင်ဆောင်ရွက်ထားရှိသည့် ကချင်ပြည်နယ်မှ ပြိုင်ပွဲဝင်များ၊ အုပ်ချုပ်သူများနှင့် နည်းပြအဖွဲ့များအား ပြည်နယ်အစိုးရအဖွဲ့က အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ချီးမြှင့်ငွေများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံတော်အနေဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အနုသုခုမဆိုင်ရာဆိုင်ရာပညာရပ်များကို မြတ်နိုးတန်ဖိုးထားပြီး ထိန်းသိမ်းစောင့်ရှောက်လက်ဆင့်ကမ်းနေကြသည့် ပညာရှင်များနှင့် ဝါသနာရှင် မျိုးဆက်သစ်လူငယ်များ၏ ကြိုးပမ်းအားထုတ်မှုများကို အလေးအနက်ထားပြီး ပြိုင်ပွဲကြီးကို စဉ်ဆက်မပြတ်ကျင်းပနေခြင်းပင်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မြန်မာတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် အမျိုးသားယဉ်ကျေးမှု စရိုက် လက္ခဏာများကို ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်နိုင်ရေး မိမိတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်အနု ပညာရပ်များကို အစွမ်းကုန်ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် မြန်မာ့အမျိုးသားတို့ဂုဏ်၊ မိမိတို့ပြည်နယ်၏ ဂုဏ်ကို အစွမ်းကုန်ဖော်ဆောင်ပေးကြရန်နှင့် ခန့်ညားထယ်ဝါသည့် မြန်မာ့ရိုးရာယဉ်ကျေးမှုကို ကမ္ဘာ့အလယ်ဝင့်ထယ်ရှင်သန်နေအောင် ဆက်လက်ထိန်းသိမ်းကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ဗဟိုအဆင့်ပြိုင်ပွဲသို့ ပြည်နယ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကမည့် အခြေခံကဗျာလွတ်အကအဖွဲ့၏ ကပြဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြပြီး အောင်နိုင်ရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ဗဟိုပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်နိုင်ရေး ပြည်နယ်အဆင့်ပြိုင်ပွဲဝင်များအား စိစစ်ရွေးချယ်ပြီး စခန်းသွင်းလေ့ကျင့်ရေး အထောက်အကူပြုအဖွဲ့ဝင် လေ့ကျင့်စခန်းသွင်းဆောင်ရွက်ခဲ့သည့် အခြေအနေများနှင့် ပြိုင်ပွဲဝင် ရောက်သွားမည့် အခြေအနေများအား ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ဗဟိုအဆင့်ပြိုင်ပွဲတွင် ကချင်ပြည်နယ်ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ကြမည့် လော်ဝေါ်တိုင်းရင်းသားရိုးရာအကအဖွဲ့နှင့် ထားဝယ်ရိုးရာ “ယန်း”အကအဖွဲ့တို့၏ ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ကိုယ်စားပြုပြိုင်ပွဲဝင် အသင်းအတွက် အောင်နိုင်ရေးအလံအား အောင်နိုင်ရေးကော်မတီဥက္ကဋ္ဌထံ လည်းကောင်း၊ ပြည်နယ်ကိုယ်စားပြုအသင်း အုပ်ချုပ်သူများ၊ ပြိုင်ပွဲဝင်များအတွက် ချီးမြှင့်ထောက်ပံ့ငွေကျပ် ၁၀၈ သိန်းကိုလည်းကောင်းနှင့် ပံ့ပိုးနည်းပြများအတွက် ချီးမြှင့်ထောက်ပံ့ငွေကျပ် ၁၃၆ သိန်းကိုလည်းကောင်း တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး မြို့နယ်ပေါင်းစုံမှ ပြိုင်ပွဲဝင်များဖြင့် ပြည်နယ်အဆင့် ပြိုင်ပွဲကို စက်တင် ဘာလ ၉ ရက်နှင့် ၁၀ ရက်နေ့များတွင် ကျင်းပပြုလုပ်ခဲ့ပြီး အရည်အချင်းပြည့်ဝသည့် ပြိုင်ပွဲဝင်များ အား စိစစ်ရွေးချယ်ကာ မြစ်ကြီးနားမြို့၌ နည်းပြများဖြင့် စခန်းသွင်းလေ့ကျင့်ပြင်ဆင် ဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး ဗဟိုအဆင့်ပြိုင်ပွဲတွင် ဘာသာရပ်(၂၄)မျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည့် အပြင် အခြေခံကဗျာလွတ်အကအဖွဲ့၊ လော်ဝေါ်ရိုးရာယဉ်ကျေးမှုအကအဖွဲ့၊ တနင်္သာရီတိုင်းဒေသ ကြီး ထားဝယ်ရိုးရာ “ယန်း” အကအဖွဲ့တို့တွင် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကာ ပြိုင်ပွဲသို့ နည်းပြ၊ အုပ်ချုပ်သူ၊ မိဘအုပ်ထိန်းသူများ စုစုပေါင်း လူဦးရေ (၁၀၈)ဦးတို့ဖြင့် သွားရောက်ကြမည်ဖြစ် ကြောင်း သိရသည်။


