ကချင်ပြည်နယ်ဝန်ကြီးချုပ်က မဲစာရင်းပြည့်စုံမှန်ကန်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကြိုတင် ပြုစုရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ်က မဲစာရင်းပြည့်စုံမှန်ကန်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကြိုတင် ပြုစုရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

မြစ်ကြီးနား         နိုဝင်ဘာ ၁ဝ

မဲစာရင်းပြည့်စုံမှန်ကန်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကြိုတင် ပြုစုရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအ‌‌‌‌ဝေးအား နိုဝင်ဘာလ ၉ ရက်နေ့ ညနေ ၃ နာရီ အချိန်က ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးရှိ အစည်းအ‌ဝေး ခန်းမ(၁)တွင် ကျင်းပပြုလုပ်ရာ ဦးစွာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က   ပြည်ထောင်စု ‌ရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ချမှတ် ထားသောရှေ့ လုပ်ငန်းစဥ် (၅) ရပ်အရ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများ ပြန်လည်ကျင်းပရာတွင် မဲဆန္ဒရှင်စာရင်းပြုစုခြင်းသည် အဓိက  အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် အားလျော်စွာ မဲစာရင်းပြည့်စုံမှန်ကန်ရေးအတွက် ပြည်ထဲရေး ၀န်ကြီးဌာန ၊လူ၀င်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား၀န်ကြီးဌာနတို့မှ သက်ဆိုင်ရာ ဦးစီးဌာနများအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း  တိုက်တွန်းပြောကြားသည်။

ဆက်လက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့၀င် ဦးဘရန်ရှောင် မှ မဲဆန္ဒရှင်စာရင်းများ ကြိုတင်ပြုစုရေးဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးရာ” လာမည့်ရွေးကောက်ပွဲတွင် မဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စီစစ်ထားသော မဲစာရင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လူဦးရေစာရင်း ၊ လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးက ပြုစုထားသည့် ရပ်ကွက်နှင့် ကျေးရွာ အုပ်စုအလိုက် အိမ်ထောင်စု စာရင်း(ပုံစံ -၆၆/၆) များနှင့် တိုက်ဆိုင်စီစစ်ခြင်း၊ ဖြည့်စွက်၊ ပြင်ဆင်ခြင်းနှင့် ‌ရွေးကောက်ပွဲစတင် ကျင်းပသည့်နေ့၌  အသက် ၁၈ နှစ်ပြည့်ပြီး ‌ရွေးကောက်ပွဲ  ဥပဒေပါ ပြဌာန်းချက်များနှင့် မဆန့်ကျင်သော နိုင်ငံသား ၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသား ပြုခွင့်ရသူတိုင်းကို ထပ်မံဖြည့်သွင်း ပြုစုရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

အဲဒီနောက် ပြည်နယ် လူမှုရေးရာ၀န်ကြီး နှင့် တက်ရောက်လာသော ပြည်နယ် ၀န်ကြီးများမှ မဲစာရင်း ပြည့်စုံမှန်ကန်ရေးအတွက် အထွေ‌ထွေဆွေးနွေး ခဲ့ကြရာ ဆွေးနွေးမှုများအပေါ်  ပြည်နယ် ၀န်ကြီးချုပ်က ပါတီစုံအ‌ထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အစည်းဝေးသို့ တက်ရောက်လာသော  ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် အခြေခံမဲဆန္ဒရှင် စာရင်းများ ပြုစု‌ရေး ကိစ္စ ရပ်များအား လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာနနှင့် ပူးပေါင်းပြီးတတ်စွမ်းသ၍ အောင်မြင်အောင် ပူးပေါင်းဆောင်ရွက် ရန်လိုအပ်‌ကြောင်းပြောကြားခဲ့သည်။