ကချင်ပြည်နယ် ဝန်ကြီးချုပ်က ဝိုင်းမော်မြို့ နယ်အတွင်းရှိ“ပန်းခင်း”စီမံချက်ဖြင့်ဆောင်ရွက်ပြီးစီးသည့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသား စီစစ်ရေး ကတ်ပြားများအားပေးအပ်ပြီး ကချင်ပြည်နယ်အတွင်းရှိ စည်ပင်သာယာရေးအဖွဲ့များ၏ စည်ပင်သာယာရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

 ကချင်ပြည်နယ် ဝန်ကြီးချုပ်က ဝိုင်းမော်မြို့ နယ်အတွင်းရှိ“ပန်းခင်း”စီမံချက်ဖြင့်ဆောင်ရွက်ပြီးစီးသည့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသား စီစစ်ရေး ကတ်ပြားများအားပေးအပ်ပြီး ကချင်ပြည်နယ်အတွင်းရှိ စည်ပင်သာယာရေးအဖွဲ့များ၏ စည်ပင်သာယာရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

မြစ်ကြီးနား        နိုဝင်ဘာ ၁၀

            လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ဝိုင်းမော်မြို့နယ်ဦးစီးမှူးရုံး ၏ “ပန်းခင်း” စီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြား ပေးအပ်ပွဲ အခမ်းအနားအား နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၈နာရီအချိန်က ၀ိုင်းမော်မြို့ အမှတ်(၁) ရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း တေဇခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပြည်နယ်၀န်ကြီးချုပ် ဦးခက်ထိန်နန် ၊ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီး များနှင့်  ဌာနဆိုင်ရာတာ၀န်ရှိသူများ တက်ရောက် သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က“ပြည်သူများရဲ့ လူမှုရေး ၊စီးပွားရေး၊ကျန်းမာရေး ၊ပညာရေး အစရှိသော နေရာများမှာ အိမ်ထောင်စုဇယား နှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားအား မရှိမဖြစ် လိုအပ်ပြီး အသုံးပြုနေရခြင်း ဖြစ်သည့်အတွက် ယခုကဲ့သို့ “ပန်းခင်း”စီမံချက်ဖြင့် လွယ်လွယ်ကူကူဖြင့် ရပ်ကွက်/ကျေးရွာ အရောက် ဆောင်ရွက်ပေးနေချိန်တွင် “လူမှုဘဝ ပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့” ဆိုသကဲ့သို့ မိမိတို့ လူမှုဘဝများ ပြည့်စုံစေရန် နိုင်ငံသားစီစစ်ရေးကတ် မဖြစ်မနေ ဆောင်ရွက်ထားဖို့ လိုအပ်ကြောင်းနှင့် နိုင်ငံသားမှတ်ပုံတင် ရပိုင်ခွင့်ရှိတဲ့ မြန်မာနိုင်ငံသား တိုင်းရင်းသားများနဲ့ ဥပဒေအရ နိုင်ငံသား များ မှတ်ပုံတင် ရရှိရေးအတွက်  မိမိတို့ ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် ၀ိုင်းဝန်းကူညီ ဆောင်ရွက်လျက်ရှိကြောင်း” ပြောကြားသည်။

            ဆက်လက်ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့၀င် လူမှုရေးရာဝန်ကြီး ၊လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်နယ် ဦးစီးမှူး ဦးဝင်းရဲထွန်းက “ပန်းခင်း”စီမံချက်ဆိုင်ရာ လုပ်ငန်းကိစ္စရပ် များအား ရှင်းလင်းတင်ပြရာတွင် “လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ၀န်ကြီးဌာန ကချင်ပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် ပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း(၁၈)မြို့နယ်တွင် “ပန်းခင်း” စီမံချက်  ဖြင့် နိုင်ငံသားစီစစ်‌‌ရေး ကတ်ပြား ရရှိရေးအတွက် ‌ဆောင်ရွက်ရာတွင် နိုင်ငံသားစီစစ်ရေး ကတ်ပြားပေါင်း (၂၇၈၂၆)ကတ် ရရှိအောင်ဆောင်ရွက် ပေးနိုင်ခဲ့ပြီး အသက် (၁၈) နှစ်ပြည့် လဲလှယ်ခြင်း၊ နိုင်ငံသားစီစစ်ရေး ကတ်ပြား ပျောက်ဆုံး/ပျက်စီးခြင်းများကိုပါ တစ်ပါတည်း‌ ဆောင်ရွက်ပေးနိုင် ခဲ့ကြောင်း” ရှင်းလင်းတင်ပြသည်။ အဲဒီနောက် ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ် ၀န်ကြီးများက ၀ိုင်းမော်မြို့နယ်အတွင်းရှိ‌ ဒေသခံပြည်သူ အိမ်ထောင်စု (၈၉)စု အတွက် နိုင်ငံသား စီစစ်ရေး ကတ်ပြား (၁၂၂)ကတ် ‌အား အသီးသီးပေးအပ်ခဲ့ပြီး ‌ဒေသခံပြည်သူများကိုယ်စား ပြည်သူတစ်ဦးမှ ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့သည်။

‌            ၀ိုင်းမော်မြို့နယ်အတွင်း ၃.၅.၂၀၂၁ မှ ၁၀.၁၁.၂၀၂၁  အထိ “ပန်းခင်း”စီမံချက်ဆောင်ရွက်ရာတွင်  ‌ဒေသခံပြည်သူများအတွက် အိမ်ထောင်စုဇယား(၈၁၀)စောင်နှင့် နိုင်ငံသားစီစစ်ရေးကတ်ပြား (၂၁၁၇) ကတ်  ပြုလုပ်‌ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း   လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ဝိုင်းမော်မြို့နယ် ဦးစီးမှူးရုံးမှ သိရသည်။

            ဆက်လက်ပြီး ပြည်နယ် ၀န်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက် ကွင်းအမှတ်(၃) မိုးစပါးဧက (၁၀၀) စံပြကွက် သို့ရောက်ရှိပြီး စိုက်ပျိုးထားသော မိုးစပါးများ၏ အထွက်နှုန်း များအား လှည့်လည်ကြည့်ရှုစစ်ဆေးကာ  အဆိုပါစံပြကွက်အတွင်းမှာရှိတဲ့ တောင်သူ ဦးလဂျော်နော်၏  မိုးစပါး (၃)ဧက အတွင်းစိုက်ပျိုးထားသော ဆင်းဧကရီစပါးအား စပါးရိတ်စက်ဖြင့် ရိတ်သိမ်း ခြွေလှေ့နေမှုအား အားပေး ကြည့်ရှုသည်။ ယင်းနောက် ပြည်နယ်၀န်ကြီးချုပ်နှင့်အဖွဲ့သည် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီး ဌာနမှ တာ၀န်ရှိသူများ နှင့် ‌ဒေသခံတောင်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ တောင်သူများ၏ အခက်အခဲများ လိုအပ်ချက်များအပေါ်  ပံ့ပိုးကူညီဆောင်ရွက် ပေးနိုင်ရေးတို့အား ဌာနဆိုင်ရာ တာ၀န်ရှိသူများအား လမ်းညွှန် မှာကြားခဲ့သည်။

            ထိုမှတဆင့် ပြည်နယ်၀န်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ သို့ရောက်ရှိပြီး ကချင်ပြည်နယ်အတွင်းရှိ စည်ပင်သာယာရေး အဖွဲ့များ၏ စည်ပင်သာယာရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး သို့တက်ရောက်သည်။

            အခမ်းအနားတွင် ပြည်နယ်၀န်ကြီးချုပ်က “စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ပြည်သူများရဲ့ လိုအပ်ချက်ဖြစ်သော လမ်း၊တံတား တည်ဆောက်ပြုပြင်‌ရေး ၊ ရေပေး‌‌ဝေရေးလုပ်ငန်းများအပါအ၀င် ရေစီးရေလာကောင်းမွန်ရေး ၊ သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြည်ရေး၊ စိတ်လက်အပန်းဖြေ အနားယူ နိုင်စေရေး စတဲ့ပြည်သူ့၀န်ဆောင်မှုလုပ်ငန်းများ၊ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ပြည့်ပြည့်စုံစုံ ‌ဆောင်ရွက်ပေးနိုင်ရေးအတွက် မြို့ပြနေပြည်သူများထံမှ စည်းကြပ်ကောက်ခံရရှိတဲ့ ရံပုံငွေများအပြင် ပြည်နယ်အစိုးရ၏ ရံပုံငွေများမှလည်း လုံ‌လောက်စွာ ထောက်ပံ့ပေးလျှက်ရှိပါကြောင်း၊ ယနေ့ကျင်းပသော အစည်းအ‌ဝေးတွင် မိမိမြို့နယ်ရှိ ပြည်သူများအတွက် အရေးတကြီး ဆောင်ရွက်‌ပေးရမဲ့ လုပ်ငန်း လိုအပ်ချက်များ ရှိပါက အကျိုးအကြောင်းဖော်ပြကာ တင်ပြ ပေးစေလိုကြောင်း” တိုက်တွန်းမှာကြားသည်။ ထို့နောက် ကချင်ပြည်နယ်အစိုးရအဖွဲ့၀င် သယံဇာတ ရေးရာ ၀န်ကြီး ဦးတိန့်ဆောင်က “စည်ပင်သာယာ‌ရေး အဖွဲ့အနေဖြင့် မိမိမြို့နယ်ရှိ မြို့ပြနေ ပြည်သူများ ထံမှ  တည်ဆဲဥပ‌ဒေ ၊လုပ်ထုံးလုပ်နည်းများ နှင့်အညီ ခွင့်ပြု သတ်မှတ်ထားတဲ့ အခွန်၊အခများကို ပြည့်၀မှန်ကန်စွာ စည်းကြပ်ကောက်ခံနိုင်မှသာ ၄င်း မြို့/‌ဒေသ ရှိ စည်ပင်သာယာရေး လုပ်ငန်းများအား ပြည့်စုံစွာဆောင်ရွက်ပေးနိုင်မှာ‌ဖြစ်‌‌ကြောင်း ၊စည်ပင်သာယာ‌ရေးနှင့်  ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်‌သော အင်ဂျင်နီယာအနေဖြင့်လည်း သတ်မှတ် စံချိန်စံညွှန်း များနှင့်အညီ အရည်အသွေးမှီစွာ ‌ဆောင်ရွက်ရေး စီစစ်ကြပ်မတ် ဖို့လိုအပ်မှာဖြစ်‌ကြောင်း”  အ‌မှာစကားပြောကြားသည်။

ထို့နောက် ကချင်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ယာယီညွှန်ကြားရေးမှူး ဦးကျော်လင်းမှ စည်ပင်သာယာရေး ဆိုင်ရာ လုပ်ငန်းများအား ရှင်းလင်းတင်ပြ ပြီး၊ မြို့နယ်/မြို့ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိများမှ မြို့နယ်အလိုက် စည်ပင်သာယာရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေအား ရှင်းလင်းတင်ပြကာ တင်ပြမှုများအပေါ်  ကချင်ပြည်နယ်အစိုးရအဖွဲ့၀င် သယံဇာတ ရေးရာ ၀န်ကြီး ဦးတိန့်ဆောင်က ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပေးခဲ့ပြီး လိုအပ်သည်များ အား လမ်းညွှန် ဆမှာကြားသည်။

ယင်းနောက် ပြည်နယ်၀န်ကြီးချုပ်က ဦးခက်ထိန်နန်က စည်ပင်သာယာရေး အဖွဲ့များဟာ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်သောဌာန၊အဖွဲ့အစည်းဖြစ်တာကြောင့် စည်ပင်သာယာရေး ၀န်ထမ်းများ အနေဖြင့် ပြည်သူများမှ ယုံကြည်ချစ်ခင်အားကိုးတဲ့ ပြည်သူ့အကျိုးပြု ၀န်ထမ်းကောင်းများ ၊နိုင်ငံ့ ၀န်ထမ်းကောင်းများ အဖြစ်နဲ့ မိမိတို့၏ မြို့ပြ‌ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အစွမ်းကုန်ကြိုးစား ဆောင်ရွက်ပေးကြရန် တိုက်တွန်း မှာကြားခဲ့ကြောင်းသတင်းရရှိသည်။