ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ လောကမာရ်အောင်ဆုတောင်းပြည့်စေတီတော်၌ ကျင်းပပြုလုပ်သည့် ကဆုန်ညောင်ရေသွန်းပွဲတော်နှင့် မိုးကောင်းမြို့နယ် နမ္မနကျေးရွာရှိ မဟာလောကနန္ဒာစေတီတော်ရွှေထီးတော်တင်လှူပွဲနှင့် ရှမ်းမျိုးနွယ်စုများ ဓမ္မာရုံရေစက်ချ အလှူတော်မင်္ဂလာပွဲသို့တက်ရောက်

မြစ်ကြီးနား  ဧပြီ ၃၀

          မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့၌ နှစ်စဉ် မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံနှင့်အညီ ကချင် ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ မြစ်ကြီးနားမြို့ သီတာရပ်ကွက်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင် လောကမာရ်အောင် ဆုတောင်းပြည့်စေတီတော်၌ ကဆုန်လပြည့် ဗုဒ္ဓနေ့နှင့် ကဆုန်ညောင်ရေသွန်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

          ရှေးဦးစွာ စေတီတော်ပုရဝုဏ်အတွင်း၌ ကဆုန်လပြည့် ဗုဒ္ဓနေ့အခမ်းအနားကို ကျင်းပပြုလုပ်ရာ ပြည်နယ်သံဃနာယကအကျိုးတော်ဆောင်၊ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက် ပဓာနနာယက ဆရာတော်အဂ္ဂမဟာမဏ္ဍိတ ဘဒ္ဒန္တကေတုလာ အမှူးပြုသော ဆရာတော်သံဃာတော်များ ကြွရောက်တော်မူကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့ကြသည်။

ဆက်လက်၍ ဆရာတော်အရှင်သူမြတ်များထံမှ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ဌာနဆိုင်ရာများ၊ ဝတ်အသင်းအဖွဲ့များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များက ကိုးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်ထံမှ ကဆုန်လပြည့် ဗုဒ္ဓနေ့နှင့် မဟာဗောဓိပင်၌ ဆင်ယင်ကျင်းပသည့် ညောင်ရေသွန်းပွဲတော်နှင့် စပ်လျဉ်းသည့် သြဝါဒအနုမောဒနာတရားတော်ကို နာယူခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ပွဲတော်ဆင်ယင်ကျင်းပမှုအခြေအနေများနှင့် စပ်လျဉ်း၍ လျှောက်ထားတင်ပြသည်။

ထို့နောက် ဝတ်အသင်းအဖွဲ့များကဦးဆောင်၍ ကဆုန်လပြည့် ဗုဒ္ဓနေ့ ရှစ်လုံးဘွဲ့ကဗျာများကို ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တာဝန်ရှိသူများက ဆရာတော်အရှင်သူမြတ်များထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ကုသိုလ်ကောင်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ အခမ်းအနားကို ရုတ်သိမ်းလိုက်ကြသည်။

ယင်းနောက် ရိုးရာအစဉ်အလာနှင့်အညီ စေတီတော်ပုရဝုဏ်အတွင်းရှိ မဟာဗောဓိညောင်ပင်၌ ဝတ်အသင်းအဖွဲ့များဦးဆောင်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဝတ်အသင်းအဖွဲ့များ၊ အမျိုး သမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ဒေသခံပြည်သူများက ညောင်ရေသွန်းလောင်း ပူဇော်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ညောင်ရေသွန်းလောင်းလာရောက်ကုသိုလ်ပြုသူ ပြည်သူများအား စတုဒီဿဖြင့် ဧည့်ခံကျွေးမွေးပေးခဲ့ကြသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ တာဝန်ရှိသူများသည် မိုးကောင်းမြို့ နယ် နမ္မနကျေးရွာသို့ သွားရောက်ပြီး ကျေးရွာအတွင်း ကိန်းဝပ်စံပ္ပါယ်တော်မူသော မဟာလောကနန္ဒာစေတီမြတ်ကြီး ရွှေထီးတော်တင်လှူပူဇော်ပွဲနှင့် ရှမ်းမျိုးနွယ်စုများဓမ္မာရုံ ရေစက်ချအလှူမင်္ဂလာအခမ်းအနားသို့ တက်ရောက်ခဲ့ကြကာ ဒေသခံကချင်မျိုးနွယ်စုများ၊ ရှမ်းတိုင်းရင်းသားမျိုးနွယ်စုများနှင့်အတူ ရင်းရင်းနှီးနှီးလိုက်လံမိတ်ဆက်တွေ့ဆုံခဲ့ကြပြီး ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ရေကန်ပြုပြင်ထိန်းသိမ်းနိုင်ရေးနှင့် ရွှေထီးတော်၊ ငှက်မြက်နားတော် တင်လှူပူဇော်မည့် မဟာလောကနန္ဒာစေတီတော်မြတ်ကြီးအား လှည့်လည်ကြည်ညိုပူဇော်ခဲ့ကြပြီး ဘက်စုံပြုပြင်မွမ်းမံနိုင်ရေးအလှူရှင်များ၊ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။