ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်၊ ပလနကျေးရွာအုပ်စုအတွင်း မွေးမြူရေဇုံကဲ့သို့ ဖွံ့ဖြိုးလာစေရန် ငါးမွေးမြူရေးလုပ်ငန်းဆောင်ရွက်နိုင်ရေးနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်ရမည့် ဗလမင်းထင်အမှတ်(၂) တံတားတည်ဆောက်ရေးလုပ်ငန်းနှင့် မြို့ရေကြီးရေလျှံမှုမှ ကာကွယ်ရေးအတွက်  ကမ်းထိန်းလုပ်ငန်းများနှင့် ရေကြည်ချောင်းရေထိန်းတံခါး တည်ဆောက်ခြင်းလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား     ဇွန် ၁၁

          ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ ပလနကျေးရွာအုပ်စုအတွင်း မွေးမြူရေးဇုံနေရာ တစ်ခုကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ငါးမွေးမြူရေးကန်ဟောင်းနေရာအား ပြုပြင်ဆောင်ရွက်နိုင်ရေးနှင့် အသားတိုးကြက် မွေးမြူရေးခြံများအား ယနေ့နံနက်(၇)နာရီက ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန် သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေး‌ခဲ့ကြသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရှေးဦးစွာ မြစ်ကြီးနား မြို့နယ်၊ ပလနကျေးရွာအုပ်စု၊ ပလန-၄ ယုဇနမြိုင်ကျေးရွာအတွင်းရှိ ငါးမွေးမြူရေးလုပ်ငန်းခြံဟောင်း နေရာသို့ သွားရောက်ပြီး ခြံဟောင်းအတွင်း ယခင်ငါးမွေးမြူရေးလုပ်ငန်း ဆောင်ရွက်ခဲ့မှု အခြေအနေများနှင့်စပ်လျဉ်း၍ ငါးလုပ်ငန်းဦးစီးဌာနနှင့် ကျေးရွာရပ်မိ/ ရပ်ဖများအား မေးမြန်းဆွေးနွေးခဲ့ကြပြီး ငါးကန်ဟောင်းများ တူးဖော်ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကာ ငါးမွေးမြူရေးလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များ ဖိတ်ခေါ်ကာ လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျ ပြုပြင်ဆောင်ရွက်၍ မွေးမြူရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့်စတင်နိုင်အောင် စီမံဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ယင်းနောက် အဆိုပါကျေးရွာအုပ်စုအတွင်း ငွေပျော်စံပြကျေးရွာအနီးရှိ ပိုင်ရှင်ဦးသိန်းဟန်၏ ကြက်ခြံသို့ သွား ရောက်ပြီး အသားတိုးကြက်များမွေးမြူထားရှိမှုနှင့် အဆိုပါဧရိယာအတွင်း နွား၊ ဆိတ်နှင့် ကြက် မွေးမြူရေးလုပ်ငန်းများအတွက် ဧရိယာသတ်မှတ်ထားရှိမှုနှင့် မွေးမြူရေးဇုံကဲ့သို့ ဖွံ့ဖြိုးလာစေရေး အရှိန်အဟုန်ဖြင့် အမြန်ဆုံးလာရောက်မွေးမြူလုပ်ကိုင်နိုင်ရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပေးရေးမှာကြားခဲ့သည်။

          ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင် ရာတာဝန်ရှိသူ များနှင့်အတူ ယမန်နေ့ ညနေပိုင်းကလည်း မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်အတွင်း မန္တလေး-လားရှိုး-ဗန်းမော်-မြစ်ကြီးနားလမ်းပေါ်တွင် တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၁)မှ တည်ဆောက်လျက်ရှိသည့် တံတားအမှတ်(၂/၄၈၄)၊ အရှည် ၃၂၂၃ပေရှိ သံကူကွန်ကရစ်ရေလည်တိုင်နှင့် သံကူကွန် ကရစ်ကမ်းကပ်ခုံ၊ Steel Box Girder and RCC Slab အမျိုးအစား ဗလမင်းထင်တံတားအမှတ်(၂) တည်ဆောက်ရေးစီမံကိန်းသို့ သွားရောက်ခဲ့ကြပြီး တံတားသစ်စီမံကိန်းအတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေး နှစ်အတွင်း တည်ဆောက်သွားမည့် ရေလယ်တိုင်တည်ဆောက်ခြင်းလုပ်ငန်းအား သွားရောက်ကြည့်ရှုစစ် ဆေးခဲ့ကြပြီး တည်ဆောက်ခြင်းလုပ်ငန်းများအား သတ်မှတ်နှစ်အလိုက် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ တည်ဆောက်ပြီးစီးရေး မှာကြားခဲ့သည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက် အတွင်း ဧရာဝတီမြစ်ရေကြီးမြှင့်မှုမှ ကာကွယ်နိုင်ရေးအတွက် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက တည်ဆောက်လျက်ရှိသည့် လယ်ကုန်း-ဇီးလွန်ရေဝင်ပေါက် (ကုလားပေါက်) ပိတ်ခြင်းလုပ်ငန်း အလျား (၁၀၀)ပေ ဆောင်ရွက်ပြီးစီးမှုနှင့် မြစ်ရေမြင့်တက်မှုမှ ကာကွယ်နိုင်ရေးအတွက် အဆိုပါရေဝင် ပေါက်နေရာမှ အလျား ၃၀၀၀ ပေအား Geotube လုပ်ငန်းစတင်ဆောင်ရွက်နေမှု အခြေ အနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ယခုနှစ်မိုးအများအချိန် မရောက်မီ အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ယင်းနောက် ကြက်ပေါင်ခြံရပ်ကွက်အတွင်း ဆည်မြောင်းနှင့် ‌ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက တာဝန်ယူတည်ဆောက်လျက်ရှိသည့် ရေကြည်ချောင်း ရေထိန်းတံခါး တည်‌ဆောင်ရေးလုပ်ငန်းခွင် အတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်ပြီးစီးရမည့် အလျား ၈ ပေ၊ အမြင့် ၈ ပေ တံခါးပေါက် (၇)ပေါက်ပါဝင်သည့် သံကူကွန်ကရစ်ရေထိန်းတံခါး တည်ဆောက်ပြီးစီးမှုနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် တည်ဆောက်ရမည့် ရေဝင်မြောင်းမကြီး အလျားပေ ၃၀၀၀နှင့် ရေထုတ်မြောင်းမ ကြီး အလျားပေ ၇၀၀ ပေဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ရေထိန်းတံခါးနံရံဘေး မြေသားဖြည့်ခြင်း လုပ်ငန်း၊ ချောင်းဟောင်းနေရာအား မြေသားတမံပိတ်ခြင်းနှင့် မြေသားတာဘောင်ဖို့ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည့်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်း များ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ပြီးစီးရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။