မြစ်ကြီးနား သြဂုတ် ၂၆
တရားမဝင်ကုန်သွယ်မှုများပပျောက်ပြီး ဒေသတွင်းကုန်စည်စီးဆင်းမှု မြန်ဆန်စေရေးနှင့် နိုင်ငံတော်မှ ရသင့်ရထိုက်သည့် အခွန်များရရှိစေရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့က မြစ်ကြီးနားမြို့အဝင် ကုန်စစ်ဆေးရေးစခန်း၊ ကသရ (မကန) ဖွင့်လှစ်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြုလုပ်ခဲ့ကြသည်။
အဆိုပါ မြစ်ကြီးနားမြို့အဝင် ကုန်စစ်ဆေးရေးစခန်း၊ ကသရ(မကန)နှင့်ပတ်သက်၍ မြစ်ကြီးနားမြို့သို့ တစ်ဖက် တရုတ်နိုင်ငံမှ ဝင်ရောက်နေသော ကုန်ပစ္စည်းများနှင့် ဒေသတွင်းကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးအတွက် လက်တလောတွင် ကံပိုင်တည် OSS အဖွဲ့အား တာဝန်ချထား၍ ဗလမင်းထင်တံတားအနီး ရွှေမိုးတောင်ဘုရားတောင်ခြေတွင် ယာယီကုန်ပစ္စည်းစစ်ဆေးရေးစခန်းဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်က ယခုအခါ မြစ်ကြီးနားမြို့အဝင် ကုန်စစ်ဆေးရေးစခန်းကို မြေနေရာပြောင်းရွေ့ဖွင့်လှစ်ပြီး သွင်းကုန်ပစ္စည်းများ တရားဝင်ဖြစ်စေရေး၊ သွင်းကုန်လိုင်စင်ခွင့်ပြုရာတွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်နိုင်ရေး၊ ဒေသတွင်းကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးအတွက် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်ငွေများ ဆုံးရှုံးမှမရှိစေရေးနှင့် တရားမဝင် ကုန်သွယ်မှုများကို တားဆီးနိုင်ရေးတို့အတွက် အားလုံးက လုပ်ထုံးလုပ်နည်းနှင့်အညီ ပူးပေါင်းဆောင်ရွက်ကြစေရေးလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍအလိုက် ကုန်စစ်ဆေးစခန်း၊ ကသရ(မကန)နှင့်ပတ်သက်၍ ယာယီကုန်စစ်ဆေးရေးစခန်းမှ လအလိုက် ကုန်သွယ်နိုင်မှု အခြေအနေများ၊ ကုန်စစ်ဆေးစခန်းအား ဝိုင်းမော်မြို့နယ်အတွင်း ပြောင်းရွေ့ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်သွားမည်အစီအစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး လိုအပ်သည်မျာကို သက်ဆိုင်ရာကဏ္ဍအလိုက် ပေါင်းစပ်ပေးခဲ့ကာ ဒေသတွင်း စားသောက်ကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး ကြီးကြပ်မှုကော်မတီနှင့် လုပ်ငန်းကော်မတီများကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်တို့နှင့်အတူ မြစ်ကြီးနားမြို့ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဂျူဒိုအားကစားနည်းတွင် ကချင်ပြည်နယ်မှ သွားရောက်ပါဝင်ယှဉ်ပြိုင်ကြမည့် လက်ရွေးစင်အသင်းအား အောင်နိုင်ရေးအလံကို ပေးအပ်ပွဲသို့ တက်ရောက်ကြသည်။
ထိုသို့ ပေးအပ်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ဂျူဒိုအားကစားနည်းသည် ပြည်နယ်၏အအောင်မြင်ဆုံး အားကစားနည်းတစ်ခုဖြစ်သည့်အပြင် မြန်မာ့လက်ရွေးစင်အားကစားသမားများကို လည်းမွေးထုတ်ပေးနိုင်ခဲ့သည့် ဂုဏ်ယူစရာ အားကစားနည်းတစ်ခုလဲဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ရရှိပြီးသား အောင်မြင်မှုများကို ထိန်းသိမ်းပြီး ယခင်နှစ်များနည်းတူ တံခွန်စိုက်များရရှိအောင် ဆက်လက်ကြိုးစားကြရန်လိုကြောင်း တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ပြည်နယ်လက်ရွေးစင်အသင်း နည်းပြက ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့မှုများနှင့် သွားရောက်ယှဉ်ပြိုင်ပါဝင်မည့် အခြေအနေများကို ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က လက်ရွေးစင်အသင်းအတွက် အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ငွေကျပ် ၂၅ သိန်းကိုလည်းကောင်း၊ ဂျူဒိုအားကစားဆပ်ကော်မတီ တာဝန်ရှိသူများက ချီးမြှင့်ငွေများကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြရာ အသင်းအုပ်ချုပ်သူက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ဂျူဒိုအားကစားအသင်းအနေဖြင့် ပြည်နယ်၏ အအောင်မြင်ဆုံးအားကစားနည်းတစ်ခုဖြစ်ပြီး ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်တို့တွင် အမျိုးသားတံခွန်စိုက်၊ အမျိုးသမီးတံခွန်စိုက်၊ စုပေါင်းတံခွန်စိုက်ဆုများအပြင် အမျိုးသား၊ အမျိုးသမီးအကောင်းဆုံးကစားသမားဆုများကို (၂)နှစ်ဆက်တိုက်ရရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် အမျိုးသမီးတံခွန်စိုက်၊ စုပေါင်းတံခွန်စိုက်နှင့် အမျိုးသမီး အကောင်းဆုံးဆုကိုလည်းကောင်း၊ ၂၀၂၄ ခုနှစ် အမျိုးသားအားကစားပွဲတော်တွင်လည်း ရွှေ(၆)ခု၊ ငွေ (၄)ခု၊ ကြေး(၄)ခုကိုလည်းကောင်း၊ ၂၀၂၅ ခုနှစ်တွင် အမျိုးသမီးတံခွန်စိုက်၊ စုပေါင်းတံခွန်းစိုက်နှင့် အမျိုးသမီးအကောင်းဆုံးအားကစားသမားဆုများကို ရယူပေးနိုင်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် မနက်ပိုင်းကလည်း မြစ်ကြီးနားမြို့နယ် မော်ဖောင်းကျေးရွာအုပ်စု၊ ငအိုးကျေးရွာအတွင်းရှိ ပိုင်ရှင်ဦးဆင်ဝါးနော်၏ခြံ၌ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေမတည်ပေးမှုဖြင့် လုပ်ငန်းတိုးချဲ့နိုင်ခဲ့သည့် ကြက် မွေးမြူရေး၊ ဝက်မွေးမြူရေးအပြင် ယခုအခါ ငါးများပါ မွေးမြူနိုင်ရေးအတွက် ငါးသားပေါက်ကောင်ရေ ၂ သောင်းကျော်ကို စိုက်ထည့်ပေးခဲ့ကြပြီး ကြက်ခြံအတွင်း ကြက်သားပေါက်ကောင်ရေ ၅၀၀၀ ကျော်မွေးမြူထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
