ကချင်ပြည်နယ် လူမှုရေးရာဝန်ကြီး အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းဆပ်ကော်မတီ အစည်းအဝေးတက်ရောက်

မြစ်ကြီးနား သြဂုတ်  ၂၆
ကချင်ပြည်နယ်အတွင်း ကလေးအလုပ်သမားပပျောက်ရေးအတွက် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းဆပ်ကော်မတီအဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမ၌ သြဂုတ် ၂၆ ရက် နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ကလေးအလုပ်သမားပပျောက်ရေးအတွက် ကော်မတီအ‌နေဖြင့် ကလေးအလုပ်သမားများအား အဆိုးရွာဆုံး ပုံစံဖြင့် ခိုင်းစေခြင်းခံရမှုမှကာကွယ်နိုင်ရေး အလုပ်ရှင်၊ အလုပ်သမားများအား အသိပညာပေးခြင်းနှင့် အန္တရာယ်ရှိသည့် လုပ်ငန်းများမှ ကလေးလုပ်သားများကိုဖယ်ရှား၍ စေခိုင်းသူများကို ဥပဒေနှင့်အညီ စစ်ဆေးအရေးယူနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်နယ်အတွင်း ကလေးအလုပ်သမားများအား အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခံရခြင်းမှ လျော့နည်းပပျောက်စေရေးအတွက် ကော်မတီအဖွဲ့ဝင်များအနေဖြင့် ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။