ကချင်ပြည်နယ်ဝန်ကြီးချုပ် ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ ပိုမိုသိရှိနားလည်နိုင်ရေး ဝိုင်းမော်မြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများနှင့် ရပ်ရွာအခြေပြု တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်

မြစ်ကြီးနား သြဂုတ်   ၂၇
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်စီမံမှုဖြင့် ဧရာဝတီမြစ်ဆုံ – မြစ်ညာမြစ်ဝှမ်းရေအား လျှပ်စစ်စီမံကိန်းနှင့် စပ်လျဉ်း၍ ဒေသတွင်းရှိ ပြည်သူများ နည်းပညာဆိုင်ရာသိသင့်သိထိုက်သည်များနှင့် အသိပညာဗဟုသုတပိုမိုသိရှိနားလည်စေရေး ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကချင်ပြည်နယ်ဒေသခံကော်မတီတို့က ရပ်ကွက်/ ကျေး ရွာအဆင့်ထိ ရပ်ရွာအခြေပြု ပြည်သူလူထုနှင့် တွေ့ဆုံဆွေးနွေးပွဲများကို အဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၂၇ ရက်ကလည်း ဝိုင်းမော်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဆောင်ရွက်ခဲ့ကြသည်။
ထို့သို့ ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မွန်းလွဲ ၁ နာရီက ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအုပ်စု၊ နောင်တာလောကျေးရွာ သာသနာ့ရက္ခိတကျောင်းတိုက်၊ ဓမ္မလင်္ကာရဓမ္မာရုံ၌ ကျေးရွာနေပြည်သူလူထု ၂၀၀ ကျော်နှင့် ဒေသခံကော်မတီတို့၏ ဆွေးနွေးပွဲသို့ တက်ရောက်ပြီး  ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် မိမိတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး သာမက မိသားစုတစ်ခုချင်း၏ တိုးတက်မြင့်မားရေးသည် လျှပ်စစ်မီးသည် အဓိကကျသည့် အခန်းကဏ္ဍတွင် ပါဝင်သကဲ့သို့ ယနေ့နည်းပညာခေတ်တွင် လျှပ်စစ်မီးသည် မရှိမဖြစ် အသုံးပြုရန်လိုအပ်နေသည်ကို မိမိတို့အားလုံး သိရှိနားလည်ပြီး ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိတို့၏ ဆုံးဖြတ်ချက်သည် အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည်ကို အားလုံးက သိရှိနားလည်လက်ခံကြရန်လိုအပ်ပြီး စီမံကိန်းအတွက် ပူးပေါင်းပါဝင်ကြရန်လိုကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်၍ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာအောင်ဝင်း ဦးဆောင်၍ ဒေသခံကော်မတီအဖွဲ့ခေါင်းဆောင် ဦးတိန့်ဆောင်နှင့် အဖွဲ့ဝင်များက ကျေးရွာနေပြည်သူများ၏ မေးမြန်းဆွေးနွေးတင်ပြမှုများအပေါ် သိသင့်သိထိုက်သည့် နည်းပညာဆိုင်ရာ အချက်အလက်များ၊ ဘူမိဗေဒဆိုင်ရာပညာရှင်တွေ့ရှိချက်များ၊ လျှပ်စစ်စွမ်းအင်ရရှိမှုပေါ်မူတည်၍ နိုင်ငံတစ်ခုနှင့် တစ်ခု ဖွံ့ဖြိုးတိုးတက်မှုကွာခြားသည့် နှိုင်းယှဉ်ဖော်ပြချက်များ၊ မြစ်ဆုံနေရာကို ရွေးချယ်ရခြင်း၏ အင်ဂျင်နီယာဆိုင်ရာ အားသာချက်များကို အပြန်အလှန်ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
ထို့အတူ နံနက်ပိုင်းကလည်း မိုင်းနားကျေးရွာ၊ နယ်မြေ(၁) ကျေးရွာခန်းမပိုင် ရွှေနဒီခန်းမ၌ ကျေးရွာနေပြည်သူများနှင့် မြစ်ဆုံစီမံကိန်းအပေါ် သဘာဝဘေးအန္တရာယ်ကျရောက်ပါက မည်သို့စီမံထားသည်နှင့် ကြိုတင်စီမံဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဧရာဝတီမြစ်တစ်လျောက် နေထိုင်သူများအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ စီမံကိန်းတည်ဆောက်စဉ်ကာလအတွင်း မည်ကဲ့သို့ကြီးကြပ်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ဒေသခံများ၏ အလုပ်အကိုင်အခွင့်အလှမ်း၊ ခံစားခွင့်၊ အကျိုးအမြတ်၊ စိုးရိမ်ပူပန်မှုများနှင့်စပ်လျဉ်း၍  အပြန်အလှန်ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း အများပြည်သူ၏ စိုးရိမ်ပူပန်မှုများအပေါ် တည်ဆောက်သွားမည့် နည်းပညာဆိုင်ရာ အချက်အလက်များအား ပြည်သူများ အသိအမြင်ကြွယ်ဝတိုးပွားစေရေးနှင့် သိရှိနားလည်စေရေးအတွက် ဟောပြောပွဲများကို မြို့နယ်အလိုက် ဆောင် ရွက်ခဲ့ကြသည့်အပြင် ယခုကဲ့သို့ ရပ်/ရွာအခြေပြု ပြည်သူများနှင့် မျက်နှာချင်းဆိုင် ဆွေးနွေးပွဲများကို မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများသို့ ယနေ့အထိ ဆွေးနွေးပွဲအကြိမ်ရေ စုစုပေါင်း (၂၇)ကြိမ် ဆောင်ရွက်ခဲ့ပြီး ပြည်သူပေါင်း (၄၀၀၀)နီးပါးနှင့် ဆွေးနွေးနိုင်ခဲ့ကြောင်း ဒေသခံကော်မတီထံမှ သိရသည်။