ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်၍ မြစ်ကြီးနားမြို့၌ ဒီဇင်ဘာအားကစားလ လူထုစုပေါင်း လမ်းလျှောက်ပွဲ ကျင်းပပြီး မြို့နယ်ပေါင်းစုံတင်းနစ်ပြိုင်ပွဲအား တက်ရောက်ဖွင့်လှစ်ပေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်၍ မြစ်ကြီးနားမြို့၌ ဒီဇင်ဘာအားကစားလ လူထုစုပေါင်း လမ်းလျှောက်ပွဲ ကျင်းပပြီး မြို့နယ်ပေါင်းစုံတင်းနစ်ပြိုင်ပွဲအား တက်ရောက်ဖွင့်လှစ်ပေး

မြစ်ကြီးနား     ဒီဇင်ဘာ ၂၂

          ကချင်ပြည်နယ် ဒီဇင်ဘာအားကစားလလူထုကိုယ်လက်လှုပ်ရှားမှုအစီအစဉ်တစ်ရပ်အဖြစ် စုပေါင်းလမ်းလျှောက်ပွဲကို ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်၍ လူထုစုပေါင်းလမ်းလျှောက်ပွဲကို မြစ်ကြီးနားမြို့၌ ဒီဇင်ဘာ ၂၂ ရက် နံနက် ၆ နာရီတွင် ကျင်းပပြုလုပ်ရာ ပြည်သူ့အားကစားကွင်း ရှေ့စုရပ်မှ စတင်တာထွက် လမ်းလျှောက်ကြသည်။

          လူထုစုပေါင်းလမ်းလျှောက်ပွဲကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဦးဆောင်၍  ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက် နေပြည်သူများ စုပေါင်း၍ ပြည်သူ့အားကစားကွင်းရှေ့စုရပ်မှ ရုံးကြီးလမ်း၊ ဆွမ်ပရာဘွမ်လမ်း၊ ကျောက်စိမ်းတုံးမီးပွိုင့်မှ ဆမားလမ်း၊ သခင်နက်ဖေလမ်း၊ ထိုမှတစ်ဆင့် ရုံးကြီးလမ်းအတိုင်း တစ် ပျော်တစ်ပါး စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး ပြည်သူ့အားကစားကွင်းသို့ ပြန်လည်ဝင်ရောက်ကာ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း (Physical Fitness Dance)ကို စုပေါင်းဆောင်ရွက်ခဲ့ကြကာ လမ်းလျှောက်ပွဲတွင် ပါဝင်ဆင်နွှဲသူများအား ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အိမ် သုံးပစ္စည်းများအား မဲဖောက်၍ ပေးအပ်ခဲ့ကြသည်။

          အလားတူ မြစ်ကြီးနားမြို့၌ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် ပျော်ရွှင်၊ ကျန်းမာ လမ်းလျှောက်ပါ ကိုယ်လက်လှုပ်ရှားမှုအစီအစဉ်ဖြင့် ဒီဇင်ဘာ ၁၆ ရက်နေ့မှ စတင်၍ ဇန်နဝါရီ ၁၀ ရက်နေ့အထိ ညနေပိုင်းတွင် ပြည်သူ့အားကစားကွင်းအတွင်း ဌာနဆိုင်ရာများ၊ ပြည်သူများ စုပေါင်း၍ လမ်းလျှောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုကြံ့ခိုင်ရေးလေ့ကျင့်ခန်းများနှင့် Physical Fitness Dance တို့ဖြင့် ကျင်းပပြုလုပ်ပေးလျက်ရှိသည်။

          ထိုမှတစ်ဆင့် မြစ်ကြီးနားမြို့၌ တင်းနစ်ကွင်းအတွင်း ပြည်နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် ပြည်နယ်တင်းနစ်ဆပ်ကော်မတီတို့ ပူးပေါင်းကျင်းပသည့် မြို့နယ်ပေါင်းစုံ တင်းနစ် ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်ကယခုလိုမြို့နယ်ပေါင်းစုံတင်းနစ် ပြိုင်ပွဲအပြင် အားကစားပွဲများ ကျင်းပခြင်းအားဖြင့် လူအများ အားကစားကို စိတ်ပါဝင်စားလာပြီး အားကစားလှုပ်ရှားများ ကိုယ်တိုင်ကိုယ်ကျလေ့လာလိုက်စားကြကာ ကျန်းမာကြံ့ခိုင်သော သူများ ဖြစ်လာကြမည် ဖြစ်သလို အချင်းချင်းစည်းလုံးညီညွတ်မှုရရှိပြီး ပြည်နယ်၏ အားကစားကဏ္ဍပိုမို တိုးတက်မြင့်မားလာမည်ဖြစ်ကြောင်း ပြောကြားသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မြစ်ကြီးနား၊ ဗန်းမော်၊ မိုးကောင်း မြို့နယ်များမှ ပြိုင်ပွဲဝင်အသင်း (၈)သင်းမှ တင်းနစ်ကစားသမားများနှင့် အသင်းအုပ်ချုပ်သူများ အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကာ ပြည်နယ်တင်းနစ် အားကစားဆပ်ကော်မတီ အတွက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်းတို့က ထောက်ပံ့ငွေကျပ် ၂၂ သိန်း ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။

          အဆိုပါ မြို့နယ်ပေါင်းစုံ တင်းနစ်ပြိုင်ပွဲကို မြစ်ကြီးနားမြို့နယ်မှ (၄)သင်း၊ ဗန်းမော်နှင့် မိုးကောင်းမြို့နယ် (၂)သင်းစီဖြင့် စုစုပေါင်း တင်းနစ်ကလပ်အသင်း (၈)သင်းဖြင့် ဒီဇင်ဘာ ၂၂ ရက်မှ ဒီဇင်ဘာ  ၂၄ ရက်အထိ အသင်းလိုက် (၃)ယောက်တွဲ၊ တစ်ဦးချင်းအကြီးတန်း၊ တစ်ဦးချင်း အငယ်တန်း၊ အသက် (၅၀)နှင့်အထက် (၂)ယောက်တွဲ ပွဲစဉ်များဖြင့် ယှဉ်ပြိုင်ကစားသွားကြမည် ဖြစ်ပြီး အနိုင်ရဗိုလ်စွဲမည့် အသင်းတို့အား ဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။