ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်(၉)ရပ်ကွက်သို့ ရေပေးဝေရေးလုပ်ငန်းများနှင့် ပတ်သက်၍ ကွင်းဆင်းစစ်ဆေး

 ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်(၉)ရပ်ကွက်သို့ ရေပေးဝေရေးလုပ်ငန်းများနှင့် ပတ်သက်၍ ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား        ဧပြီ ၁၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ မြို့နေလူထု သောက်သုံးရေအတွက် မြို့နယ်စည်ပင်သာယာရေး အဖွဲ့က ဧရာဝတီမြစ်ရေတင် ရေပေးဝေရေးလုပ်ငန်းနှင့် ကျိန်ခရန်ချောင်းရေ ရေပေးဝေရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်၍ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ဧပြီ ၁၈ ရက် ညနေ ၄ နာရီက စည်ပင်သာယာရေးအဖွဲ့တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးဆောင်ရွက် ခဲ့သည်။

            ရှေးဦးစွာ ပြည်နယ်ဝန်ကြီးသည် မြစ်ကြီးနားမြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၌ ပြည်နယ် စည်ပင် သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ်အမှုဆောင်အရာရှိ ဦးလှမိုးတို့က မြစ်ကြီးနား မြို့ ရေပေးဝေရေးလုပ်ငန်းအတွက် သီတာမြစ်ရေတင် ရေပေးဝေရေးစနစ်နှင့် မြို့မ မြစ်ရေတင်ရေပေးဝေရေး စနစ် (၂)ခုဖြင့်လည်းကောင်း၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးအေဂျင်စီ၏ တရားဝင်ဖွံ့ဖြိုးမှု အကူအညီ ရန်ပုံငွေ (JICA ODA Loan) ဖြင့် ကျိန်ခရမ်းချောင်း ရေမှတစ်ဆင့် မြို့ရေပေးဝေ‌‌ရေးတိုးချဲ့စီမံကိန်း လုပ်ငန်းဖြင့် လည်းကောင်း ရေပေးဝေနိုင်မှုလုပ်ငန်း အခြေအနေများနှင့် မြို့နေလူထုအတွက် ရေလိုအပ်ချက်ရှိ သည့် အခြေအနေများ၊ တိုးချဲ့ရေပေးဝေနိုင်ရေး စီမံဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပြီး လိုအပ်ချက်များအပေါ် လုပ်ထုံးလုပ်နည်းနှင့်အညီ ‌ဆောင်ရွက်နိုင်ရေး မှာကြားခဲ့သည်။

            ထိုမှတစ်ဆင့် မြို့မမြစ်ရေတင် ရေပေးဝေရေးလုပ်ငန်းအတွက် မြစ်ရေတင်စက်ရုံ၊ ရေစုကန်နှင့် ဂါလံ (၁၂၀၀၀)ဆံ့၊ အမြင့်ပေ (၅၀)ရှိ ရေစင် (၂)ခုမှတစ်ဆင့် မြို့မရပ်ကွက်သို့ ရေပေးဝေနေမှု အခြေအ နေများနှင့် သီတာမြစ်ရေတင်စက်မှတဆင့် ရေစုကန်သို့ ပို့လွှတ်နိုင်မှုအခြေအနေများ၊ ရေစုကန်မှ တစ်ဆင့် ဂါလံ (၆၀၀၀၀)ဆံ့ ရေစင်ကန်မှ သီတာနှင့် ဧရာရပ်ကွက်သို့ ရေပေးဝေရေးလုပ်ငန်းဆောင် ရွက်လျက်ရှိသည့် အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးက သီတာနှင့် ဧရာရပ်ကွက် မြစ်ရေတင် ရေပေးဝေရေးစနစ်အား ကျိန်ခရန်ချောင်းရေပေးစနစ်ဖြင့် ချိတ်ဆက်ပေးဝေနိုင်ရေးအတွက် လိုအပ်သည်များ ကို စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

            စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြစ်ကြီးနားမြို့ရှိ မြို့ပေါ်(၂၈)ရပ်ကွက်၊ မြို့နေလူဦးရေ ၂၃၂၄၅၃ ဦးအတွက် သောက်သုံးရေ လုံလောက်ပြည့်မီစွာ ဖြန့်ဝေပေးနိုင်ရေးအတွက် မူလရှိခဲ့သည့် သီတာမြစ်ရေတင် ရေပေးဝေရေးစနစ်ဖြင့် မြို့ပေါ် (၂)ရပ်ကွက်၊ မြို့မမြစ်ရေတင်ရေပေးဝေရေးစနစ်ဖြင့် ရပ်ကွက် (၁)ရပ်ကွက် တို့အား ဆောင်ရွက်ခဲ့ပြီး တိုးချဲ့ရေပေးဝေရေးလုပ်ငန်းအတွက် ကျိန်ခရန်ချောင်းရေမှတစ်ဆင့် မြို့ပေါ် (၆) ရပ်ကွက်ကို ရေပေးဝေလျက်ရှိကြောင်း သိရှိရသည်။