ကချင်ပြည်နယ်၀န်ကြီးချုပ်က တရုတ်ပြည်သူ့ သမ္မတနိုင်ငံသားများ နေရပ်ပြန်ရာတွင် တရား၀င် ၀င်ထွက်သွားလာ‌စေရေးနှင့် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးခြင်းကိစ္စရပ်များအား စနစ်တကျဆောင်ရွက်နိုင်ရေးတို့အတွက် ယူနန်ဘုံကျောင်းမှ တာ၀န်ရှိသူများနှင့်တွေ့ဆုံ ဆွေးနွေး

 ကချင်ပြည်နယ်၀န်ကြီးချုပ်က တရုတ်ပြည်သူ့ သမ္မတနိုင်ငံသားများ နေရပ်ပြန်ရာတွင် တရား၀င် ၀င်ထွက်သွားလာ‌စေရေးနှင့်  ကိုဗစ်-၁၉ ရောဂါ စစ်ဆေးခြင်းကိစ္စရပ်များအား စနစ်တကျဆောင်ရွက်နိုင်ရေးတို့အတွက် ယူနန်ဘုံကျောင်းမှ တာ၀န်ရှိသူများနှင့်တွေ့ဆုံ ဆွေးနွေး

                                              မြစ်ကြီးနား     နို၀င်ဘာ  ၁၁                                             

           ကချင်ပြည်နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌ ပြည်နယ်၀န်ကြီးချုပ် ဦးခက်ထိန်နန်က နို၀င်ဘာလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီ အချိန်က ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသားများ နေရပ်ပြန်ရာတွင် တရား၀င် ၀င်ထွက် သွားလာ‌စေရေးနှင့်  ကိုဗစ်-၁၉ ရောဂါ စစ်ဆေးခြင်းကိစ္စရပ်များအား စနစ်တကျ ဆောင်ရွက်နိုင်ရေး တို့အတွက် ယူနန်ဘုံကျောင်းမှ တာ၀န်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသည်။

           ဦးစွာပြည်နယ် ၀န်ကြီးချုပ်ဦးခက်ထိန်နန်က ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလဖြစ်တာကြောင့် အိမ်နီးချင်းတရုတ်ပြည်သူ့သမ္မတနိုင်ငံသားများ‌အနေဖြင့် ကန်ပိုက်တီနယ်စပ်ဂိတ် မှတဆင့် နေရပ်ပြန်ရာတွင် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာန ပြည်နယ်ဦးစီးမှူးရုံးတွင် တရား၀င် စာရင်းပေးသွင်းကာ ကိုဗစ်-၁၉ရောဂါ စစ်ဆေးခြင်း၊ လိုအပ်ပါက ကွာရန်တင်း၀င်ကာ ကျန်းမာရေးထောက်ခံချက်ဖြင့် ပြည်တော်ပြန်စေမည်ဖြစ်ကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အနေဖြင့်လည်း ၎င်းတို့ နိုင်ငံအတွင်းသို့ တရား၀င် ၀င်ရောက် လာသူများကိုသာ စီစစ်လက်ခံစေရေးနှင့် တရုတ်ပြည်သူ့သမ္မ တနိုင်ငံမှ ကျန်းမာရေး ၀န်ထမ်းများမှ ကန်ပိုက်တီနယ်စပ်ဂိတ်တွင် ၎င်းတို့၏ နိုင်ငံသားများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးအပ်ရန်အတွက် လာရောက်မည်ဖြစ်ကြောင်းနှင့် ယင်းအား ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှူးမှ သဘောထားမှတ်ချက်‌ပြု‌နိုင်ရေးတို့အား အမှာစကားပြောကြားသည်။

             ဆက်လက်ပြီးကချင်ပြည်နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အတွင်းရေးမှူး ကချင်ပြည်နယ် အစိုးရအဖွဲ့၀င် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်းမှ  အိမ်နီးချင်းတရုတ်နိုင်ငံသားများအနေဖြင့် မြန်မာနိုင်ငံအတွင်းသို့ လမ်းကြောင်းအမျိုးမျိုးဖြင့် ၀င်ရောက်ရာတွင်နေရာအတည်တကျထားရှိကာ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးပေးနိုင်ရေး ၊တရားမ၀င် ၀င်ထွက်သွားလာနေသူများအား အရေးယူဆောင်ရွက်ရေး ကိစ္စရပ်များအား ဆွေးနွေးပြောကြားသည်။ထို့နောက် ကချင်ပြည်နယ် အစိုးရအဖွဲ့ ၀င်လူမှုရေးရာ၀န်ကြီး၊ ဦး၀င်းရဲထွန်းက တရုတ်ပြည်သူ့ သမ္မတနိုင်ငံသားများအနေဖြင့် ကန်ပိုက်တီ နယ်စပ်ဂိတ်မှတဆင့် နေရပ်ပြန်ရာတွင် စနစ်တကျ တရား၀င် ၀င်ရောက်နိုင်ရေးတို့အတွက် လူ၀င်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်၀န်ကြီးဌာန  ပြည်နယ်ဦးစီးမှူးရုံးနှင့် ချိတ်ဆက်ဆောင်ရွက် ပြီး စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

          အဲ့ဒီနောက် ပြည်နယ် ကျန်းမာရေးနှင့် ကုသရေး‌ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာတင့်နိုင်မှ အဆိုပါ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသားအား မြစ်ကြီးနားနှင့်  ကန်ပိုက်တီ နယ်စပ်ဂိတ်တို့တွင် CPR စက်ဖြင့် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးပေးခြင်းနှင့် ကျန်းမာရေး‌စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။

               ယင်းနောက် ယူနန်ဘုံကျောင်းမှ တာ၀န်ရှိသူများမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသားများ နေရပ်ပြန်ရာတွင် အဆင်ပြေချောမွေ့စေရန် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးခြင်းနှင့် ကွာရန်တင်း ၀င်ရောက်‌နိုင်ရေး ကိစ္စရပ်များအား ကချင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုများ အတိုင်းကူညီ ဆောင်ရွက်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

               အဲဒီနောက်ပြည်နယ် ၀န်ကြီးချုပ်က အဆိုပါတရုတ်ပြည်သူ့သမ္မတနိုင်ငံသားများ နေရပ် ပြန်ရေးကိစ္စဟာ နှစ်နိုင်ငံကိစ္စရပ်ဖြစ်တာကြောင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ ၊ လူ၀င်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်၀န်ကြီးဌာန ၊ကျန်းမာရေးဦးစီးဌာနမှ တာ၀န်ရှိသူများအားလုံး ‌ပူးပေါင်း ကူညီဆောင်ရွက်ရမည်ဖြစ်ပါကြောင်းနှင့် ယူနန်ဘုံကျောင်းမှ တာ၀န်ရှိသူများမှလည်း တတ်အားသ၍ ကူညီဆောင်ရွက်ရန် တိုက်တွန်းပြောကြားခဲ့ကြောင်းသတင်းရရှိသည်။