ကချင်ပြည်နယ် ၀န်ကြီးချုပ်က အားကစားနှင့် ကာယပညာသိပ္ပံကျောင်းမြေနေရာ အတွက် တောင်သူများအား သီးနှံနစ်နာကြေးပေးအပ်

 ကချင်ပြည်နယ် ၀န်ကြီးချုပ်က အားကစားနှင့် ကာယပညာသိပ္ပံကျောင်းမြေနေရာ အတွက် တောင်သူများအား သီးနှံနစ်နာကြေးပေးအပ်

မြစ်ကြီးနား             နိုဝင်ဘာ ၁၂

            ကချင်ပြည်နယ်အတွင်းတည်ထောင် ဖွင့်လှစ်သွားမည့် အားကစားနှင့် ကာယပညာသိပ္ပံကျောင်း မြေနေရာအတွက် တောင်သူများအား သီးနှံနစ်နာကြေးပေးအပ်ပွဲကို နို၀င်ဘာလ ၁၂ ရက်‌နေ့ ညနေ ၄နာရီ အချိန်က ကချင်ပြည်နယ် အစိုးရအဖွဲ့ ရုံး မလိခ ခန်းမတွင် ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့သားသမီးများ၊ အနာဂတ် ဦးဆောင်ကြမည့် လူငယ်မောင်မယ်များအတွက် ကျန်းမာကြံ့ခိုင်ပြီး ထက်မြက်သူများဖြစ်စေရေး၊ ကချင်ပြည်နယ်၏ အနာဂတ်အားကစားကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် ယခုလို အားကစားနှင့်ကာယပညာ သိပ္ပံကျောင်း မြေနေရာကိုသတ်မှတ်နိုင်ခဲ့ပြီး အကောင်အထည်ဖော်နိုင်ရေးအတွက် မိမိတို့ပိုင်ဆိုင်သည့် သီးနှံများကို စွန့်လွတ်ပေးခဲ့သည့် တောင်သူ များအား ကျေးဇူးတင်ကြောင်းပြောကြားသည်။

အဲဒီနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌမှ အားကစားနှင့်ကာယပညာသိပ္ပံကျောင်း လျာထား မြေနေရာနှင့် ကပ်လျက်ရှိသည့်မြေနေရာများနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေ များအား ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက အား/ကာ သိပ္ပံကျောင်း မြေနေရာအတွင်း ပါဝင်သည့် သီးနှံစိုက်တောင်သူ(၁၀)ဦးတို့အား ၎င်းတို့ ပိုင်ဆိုင်သည့် သီးနှံပင်များ၏ တန်ဖိုးအလိုက် နစ်နာကြေးအဖြစ် စုစုပေါင်းလျော်ကြေးငွေကျပ် ၃၈၁၄၉၈၆၇ကျပ်ကို ပေးအပ်ရာ တောင်သူများက သီးနှံပိုင်ဆိုင်မှုစာရင်းစာချုပ်ကို ပြန်လည်ပေးအပ် ခဲ့ကြကြောင်း သတင်းရရှိသည်။